Saturday, April 4, 2015

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းအတွင်းက သမိုင်းဝင်နေ့ရက်တစ်ရက်

ခင်မောင်ထွေး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း အတည်ပြုချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြင့် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းတွင် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ခဲ့သည်။

''ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ။ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရောင်ခြည်တင်မကပါဘူး။ အလင်းတန်းတွေ ပေါ် လာပြီ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ။ မကြာခင် ငြိမ်းချမ်းရေးရဖို့လည်း အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါ'' ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခမ်းအနားအပြီး မီဒီယာများနှင့်တွေ့ဆုံ စဉ် မိန့်ကြားသွားခဲ့သည်။
''မြန်မာ့ သမိုင်းမှာ ပဋိပက္ခတွေစပြီး ဖြစ်ကတည်းက ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် အစိုးရ အဆက်ဆက်က ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားခဲ့ကြတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တာဝန်ယူပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကတော့ အရင်တုန်းက ဆောင်ရွက်ခဲ့ပုံနဲ့ ချည်းကပ်ပုံ ချည်းကပ်နည်း လည်းကွာခြားတယ်။ နောက်တစ်ခါ ပါဝင်တဲ့ အရေအတွက်လည်း အလွန်များတယ်။ အမျိုးမျိုးသော အဖွဲ့အစည်း တွေကစုစည်းပြီး ဒီလိုမျိုး သဘောတူနိုင်တဲ့အတွက် ဒီမှာ ပါဝင်ခဲ့တဲ့ အောက်ခြေက အထောက်အကူပြု ဝန်ထမ်း ကနေစပြီး အဆုံးအဖြတ်ပေးတဲ့ ခေါင်းဆောင်တွေ အားလုံး ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သူရဲကောင်းတွေ ပါလို့ ကျွန်တော် ပြောချင်ပါတယ်'' ဟူသည့် ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်၏ မီဒီယာများနှင့် တွေ့ဆုံစဉ် သုံးသပ် ပြောကြားမှုကလည်း ပြည်တွင်းစစ်မီးလျှံ၏ အတိတ် သမိုင်းကို ပြန်ပြောင်း  မြင်ယောင်စေသည်။
အငြိမ်းစား နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် က ''လွတ်လပ်ရေးရပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ကြပြီ ဆိုကာမှ နိုင်ငံရေးဝါဒစွဲ၊ လူမျိုးရေး စိတ်ဝမ်းကွဲမှု သံသယတွေနဲ့ တိုက်လိုက် ခိုက်လိုက်ကြ၊ ဖျက်ဆီးလိုက်ကြနှင့် ကိုယ့်ပြည်ထောင်စုသား တိုင်းရင်းသားတွေသာ နာရသည်။ ဘာအကျိုးကျေးဇူးမှလည်း မရ၊ ဟိုတုန်းက သုံးခဲ့ကြရသော အင်အားတွေကိုသာ အဖျက်ဘက်သို့ မပို့မူဘဲ အပြုလုပ်ငန်းများတွင် အင်တိုက်အားတိုက် ညီညီညွတ်ညွတ်နှင့် သုံးစွဲလိုက်ကြရလျှင် ယခုလောက်ဆို တိုင်းရင်းသားတိုင်း ကမ္ဘာ့အဆင့်မြင့် လူနေမှုအဆင့်ထက် မနိမ့်ကျသောဘဝတွင် စိတ်ချမ်းသာစွာ နေနိုင်ကြရော့မည်။
သို့ရာတွင် နောက်မကျသေး။ ဤစာအုပ်ပါ မုန်တိုင်း ထန်သော နှစ်များမှ အတွေ့အကြုံ သင်ခန်းစာများကို သတိမူရင်း ရှေ့သို့ ကျွန်တော်တို့ တိုင်းရင်းသားများအတူ လက်တွဲ၍ ညီညီညာညာ ပြည်ထောင်စုကို ထူထောင်ရာ လမ်းပေါ်၌ လျှောက်ကြလျှင် လိုရာပန်းတိုင်သို့ ရောက်ရ မည်မုချ။ စာရေးသူနှင့် ရဲဘော်များ မုန်တိုင်းကိုမမှု အန်တုခဲ့ကြသလို ယခုခေတ် ပြည်ထောင်စုသား တိုင်းရင်းသားများကလည်း တွေ့ကြုံရမည့် အခက်အခဲ၊ ပြဿနာများကိုမမှု အန်တု၍ အနိုင်ယူကြဖို့သာ ရှိသည်''ဟု မြဝတီ ပုံနှိပ်တိုက်၏ ၁၉၉၄ ခုနှစ် မတ်လထုတ် မိုးမိုးတာရောစန်၏ ''မုန်တိုင်းကို မမှု အန်တုလေသော်'' စာအုပ်အမှာစာတွင် အတိတ်ဟောင်းကို ပြန်ပြောင်းဆင်ခြင် သင်ခန်းစာယူစရာ အဖြစ် ရေးသား ဖော်ပြခဲ့ဖူးသည်။
''လွတ်လပ်စ တိုင်းပြည်တိုင်းသည် လွတ်လပ်ရေး သူငယ်နာရောဂါကို ခံရစမြဲ ဖြစ်ကြသည်ကို သမိုင်းအဆက်ဆက် အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးနောက်ပိုင်းခေတ်တွင် တွေ့ရှိကြရမည် ဖြစ်ပါသည်။
ကျွန်တော်တို့ တိုင်းပြည်ကမူ လွတ်လပ်ရေး သန္ဓေတည် သည်ကပင် စတင်၍ ရောဂါမျိုးစုံ စွဲကပ်ပါလာခဲ့ဟန် တူရှာ သည်။ မွေးပြီဟေ့ ဆိုသည်နှင့်ပင် ငွေ့ငွေ့ကလေးမျှသာ ပါလာသော အသက်ကို လုနေကြရပါပြီ။ ကွန်မြူနစ်တို့ က တောခိုကြသည်။ ဤသည်ပင် မွေးကင်းစ ရက်သားကလေး၏ အင်အားကို ချည့်နဲ့စေခဲ့သည်။ ထိုသို့ အင်အားချည့် သည်နှင့်တစ်ပြိုင်နက် အခြားခြားသော ရောဂါတို့သည် စုပြုံ ဝင်ရောက်လာ ကြပါတော့သည်။
ကွန်မြူနစ်တို့ အပေါ်တွင် သံယောဇဉ် ငြိတွယ်လျက်ရှိသော ပြည်သူ့ ရဲဘော်များသည် မတည်ငြိမ် ဖြစ်လာခဲ့ကြသည်။ ထိုအခါ မုန်တိုင်း၏ နောက်ဆွယ်တွင် ဒီရေလှိုင်း တံပိုးတို့သည် ကပ်ကာ ပါလာတတ်သည့် အလား ကရင်အမျိုးသား သမဂ္ဂ (ကေအင်န်ယူ)နှင့် ၎င်း၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (ကေအင်န်ဒီအို) တို့သည်လည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ထိုအညှီတို့တွင် ပြည်ပ ယင်ကောင်တို့သည်လည်း အုံခဲ့ကြပါပြီ။ သည်လိုဆိုရင်ဖြင့် မွေးကင်းစ ထိုကလေးကို ဘယ်လို ကုစားကြရပါ့မလဲ။ ဆေးကောင်း ဝါးကောင်း တစ်လက်ကိုတော့ဖြင့် အရေးတကြီး ရှာဖွေကြပါတော့မည်''ဟူ၍ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင်က ''တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်''စာအုပ်တွင် ပြည်တွင်း စစ်၏ မုန်တိုင်း အစကို သို့ကလို သုံးသပ် ဖော်ပြခဲ့ပြန်ပါသည်။
တစ်ဖန် ''ထိုပြည်တွင်းစစ်ကြောင့် တိုင်းပြည်တွင် အလဟဿ နစ်နာဆုံးရှုံးမှု တို့ကတော့ တွက်ချင့် နိုင်စွမ်းမရှိတော့သော လူမျိုးတစ်မျိုး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ၊ ဂုဏ်သရေနှင့် လူနေမှု အဆင့်အတန်းတို့အပြင် တွက်ချင့်၍ ရသမျှ အမေရိကန် စာရေးဆရာကြီး ရစ်ချက်ဘတ်ဝဲလ်၏ အဆိုအတိုင်းမူ...
၁၉၄၈၊ ၄၉၊ ၅ဝ ခုနှစ်များအတွင်း မြန်မာပြည်သည် ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၅ ရာခိုင်နှုန်း တို့ ကောခဲ့ရသည်။ လူဦးရေ သုံးသန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ပြည်သူပြည်သား နှစ်သောင်း နှစ်ထောင်နှင့် အစိုးရဘက်မှ စစ်ဘက်၊ နယ်ဘက် အမှုထမ်းပေါင်း ငါးထောင့်ခုနစ်ရာတို့ အသက်ဆုံးရှုံးကြရသည်။ ပြည်သူပိုင် ပစ္စည်းတန်ဖိုး ဒေါ်လာ ငါးသန်း၊ ပြည်သူ ပြည်သားတို့၏ ကိုယ်ပိုင်အိုးအိမ် ပစ္စည်းတန်ဖိုး ဒေါ်လာ ကိုးဆယ့်ငါးသန်း ဆုံးရှုံးခဲ့ကြရသည်ဟု သူ၏ စာအုပ်တွင် ဖော်ပြခဲ့သည်''ဟူ၍ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင်က ၎င်း၏ ''မုန်တိုင်းလွန်သော်'' စာအုပ်တွင် စစ်၏ အနိဋ္ဌာရုံများနှင့် ဆုံးရှုံးမှုများကို ဖော်ပြခဲ့ပြန်ပါသည်။
၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက် ''မြန်မာ့ငြိမ်းချမ်းရေး သမိုင်းတစ်ခေတ် ဆန်းသစ်သော နေ့ထူးနေ့မြတ်တစ်နေ့'' ယခု သဘော တူညီချက်သည် NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တွန်းအား တစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ဧပြီလအတွင်း NCA လက်မှတ်ရေးထိုးနိုင်ရေး ကျွန်တော်တို့ သေချာစွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါကြောင်း။
''NCA လက်မှတ်ရေးထိုးပြီးသည်နှင့် Political Dialogue အတွက် တံခါးပေါက် ပွင့်သွားပြီ ဖြစ်ပါကြောင်း၊ ကြားကာလ အတွင်း တွေ့ကြုံရမည့် အခက်အခဲနှင့် ပြဿနာများကို နှက်ဖက် ညှိနှိုင်း ကျော်လွှားသွား ကြရမည် ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ အားလုံးသည် မြန်မာ့ငြိမ်းချမ်းရေး၏ သမိုင်းကို ဖန်တီး ဖော်ဆောင်ပေးသူများဖြစ်သည့်အပြင် တည်ဆောက် ပေး သူများ အဖြစ်လည်း မြန်မာ့သမိုင်းတွင် မှတ်တမ်းတင် ကျန်ရှိခဲ့မည့် သူများဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်ချက်များသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် တန်ဖိုးမဖြတ် နိုင်သည့် အောင်မြင်မှု၊ တစ်နည်းအားဖြင့် ''ဒုတိယပင်လုံ ၏ အောင်ပွဲ''အဖြစ် ပြောစမှတ် ပြုကြမည် ဖြစ်ပါကြောင်း''ဖြင့် နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်း အတည်ပြုချက်အား လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ ပေသည်။  နိုင်ငံတော်သမ္မတ၏ ပြောကြားမှုကား ရိုးသား ဖြူစင်သည်။ စေတနာပါသည်။ အဓိပ္ပာယ်ကား လေးနက် လှသည်။
သို့ဖြင့် ပစ္စက္ခ မြန်မာ့ငြိမ်းချမ်းရေး မိုးလေဝသ အခြေအနေနှင့်အတူ သမိုင်း၏ အလှည့်အပြောင်း အရ ဖြစ်တည်လာသော ဤငြိမ်းချမ်းရေး မျှော်လင့်ချက် အလင်းတန်းသည် နှစ်ပေါင်း (၆ဝ)ကျော် ကြာမြင့်ခဲ့သော မြန်မာ့သမိုင်း၏ မှောင်မိုက်သော နေ့ရက်များကို အပြီးတိုင် ချုပ်ငြိမ်းစေပါလိမ့်မည်။ ငြိမ်းချမ်းရေး မီးရှူးတိုင်ကို ထွန်းညှိ၍ မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းသစ်ကို ဆက်လက် ရေးထိုးနိုင်ပေလိမ့်မည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာ ရှိသည်ဟူသော ဤမှန်သော ထာဝရ သစ္စာစကား နှင့်အညီ ဤသို့ ကျွန်တော် ယုံကြည်မိပါသည်။ ။

No comments:

Post a Comment