Sunday, April 26, 2015

တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူများ လက်တစ်ကမ်း တိုက်ပွဲများ ဖြစ်ပွား






  နေပြည်တော်  ဧပြီ  ၂၆
ကိုးကန့် သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့် ဒေသတို့အား တပ်မတော် ကထိုးစစ်ဆင် တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့သဖြင့် သောင်းကျန်း သူများသည် နယ်မြေ ကျဉ်းမြောင်း လာပြီး ၎င်းဒေသမှ အင်အားများကို စုစည်းကာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင် အမှတ်(၁၁၉)တည်ရှိသည့် တောင်ကြော အနီး မြင့်မားမတ်စောက်သော ကျောက်တောင်တစ်ခုဖြစ်သည့် ပွိုင့်-၂၂၀၂ တောင်ကုန်းတွင် အခြေပြု ခံစစ်ဆင်ရန် စီစဉ်လာခဲ့သည်။
ကိုးကန့်သောင်းကျန်းသူများသည် မြေအနေအထားအရ အသာစီး ရရှိထားသော ပွိုင့်-၂၂၀၂ တောင်ကုန်းပေါ်တွင် အခိုင်အမာ ဘန်ကာများ ဆောက် လုပ်ထားပြီး ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့်အတားအဆီး များပြုလုပ် ထား၍ တပ်မတော်၏ထိုးစစ်ဆင် တိုက်ခိုက်မှုများအား အဆင့်ဆင့်ခုခံ တိုက်ခိုက်လျက်ရှိသည်။

တပ်မတော် စစ်ကြောင်းများက ပွိုင့်-၂၂၀၂သို့စစ်ကြောင်းတစ်ကြောင်းဖြင့် လည်းကောင်း၊ ဟိုထိုလင် ကျေးရွာအနီးတောင်ကြော များသို့ စစ်ကြောင်း တစ်ကြောင်း ဖြင့် လည်းကောင်း၊ စီတုံးဆွေကျေးရွာ အနီးတောင်ကုန်းသို့ စစ်ကြောင်း တစ်ကြောင်း ဖြင့် လည်းကောင်း အသီးသီးဖြန့်ခွဲ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်မတော်စစ် ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူများ လက်တစ်ကမ်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
လက်တစ်ကမ်းတိုက်ပွဲများတွင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် မြေအနေအထား  အသာစီးရယူကာပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ရာသီဥတု ဆိုးရွား လျက်ရှိသော်လည်း တပ်မတော်သားများက ရဲဝံ့စွန့်စားစွာဖြင့် အဆင့်ဆင့် ထိုးဖောက် တိုက်ခိုက်ချေမှုန်းခဲ့ သည်။ တိုက်ပွဲဖြစ်ပွားရာ နေရာများသည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ မီတာ ၅၀၀ နှင့် ၁၅၀၀ ကြားတွင်ရှိခြင်းကြောင့် တစ်ဖက်နိုင်ငံ အတွင်းသို့ မိမိကျည်များကျရောက် ပေါက်ကွဲမှု မရှိစေရေးအတွက် အလေးထား ထိန်းသိမ်းဆောင်ရွက်ရသဖြင့် စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းတွင် ကန့်သတ် ချက်နှင့် အခက်ခဲများစွာရှိခဲ့ပြီး စစ်ဆင်ရေးအား အလွန်ခက်ခဲစွာ  ဆောင်ရွက် ခဲ့ရသည်။
 ထို့အပြင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် မြေအနေအထား အသာစီးကောင်းစွာရယူပြီး တိုက်ခိုက်ခဲ့ခြင်း ကြောင့် တပ်မတော်မှအရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အချို့ပျောက်ဆုံးခဲ့ကာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအား  တပ်မတော်ဆေးရုံ များသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
လောက်ကိုင်ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် ကိုး ကန့်သောင်းကျန်းသူ အကြွင်းအကျန်များ ဒေသအတွင်း အခြေပြုနေထိုင် လှုပ်ရှားမှုများ နှင့် ခုခံတိုက်ခိုက်မှုများ မပြုလုပ်နိုင်စေရေးအတွက် တပ်မတော်သား များက အသက်ကိုပဓာနမ ထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် ဆက်လက်တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 (မြ၀တီ)

              


No comments:

Post a Comment