Monday, April 27, 2015

ကျွန်တော်နဲ့ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (ဆောင်းပါး)



ပါမောက္ခဒေါက်တာ အောင်ထွန်းသက်
ကျွန်တော့်ဘဝမှာ တစ်နေ့က မမျှော်လင့်ဘဲထူးခြားလှတဲ့ အခွင့် အရေးတစ်ခု ရခဲ့ပါတယ်။ ကျွန်တော်ဟာ ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ဝင် တန်းအောင်မြင် ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ဥပစာဝိဇ္ဇာပထမနှစ် သင်တန်း ကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းမတက်မီ မောင်မယ်သစ်လွင်များ ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ပါမောက္ခချုပ်နဲ့ပါမောက္ခ တွေက ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ဒီပွဲမှာ စင်မြင့်ပေါ်မှာ နေရာယူထားကြတဲ့ ဆရာ၊ ဆရာမကြီးတွေကိုကြည့်ပြီး
ရန်ကုန်တက္ကသိုလ်ပထမနှစ် ကျောင်းသား ဖြစ်တဲ့ ကျွန်တော်ဟာ အလွန်အားကျနေမိတယ်။ သူတို့ကိုငေးကြည့်နေမိ တယ်။ ကျွန်တော်မှတ်မိတာက စင်မြင့်ပေါ်မှာ ဆရာကြီးဝီလျံပေါနဲ့ ဆရာကြီး ဒေါက်တာ မောင်ရှိန်။ ဒီတုန်းက ဆရာရှိန်က ကတုံးဆံတောက်နဲ့။ သူက လူချော၊ အသားဖြူဖြူနဲ့။ ဆရာမကြီးတွေကလည်း ဘွဲ့ဝတ်စုံရောင်စုံတွေနဲ့ သိပ်ကြည့်လို့ကောင်းတာ။
ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ခန်းမရောက်တာက ၁၉၆၅ ခုနှစ်။ ဒီအချိန်မှာတော့ကျွန်တော်က ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ရတာမို့ ဘွဲ့တက်ယူတာ။ ကျွန်တော့်ရဲ့ မိဘနှစ်ပါးရဲ့ဂုဏ်ယူနေတဲ့ မျက်နှာတွေကို အခုထိမြင်ယောင်နေ မိပါတယ်။ ကျွန်တော့်ကိုပညာသင်ပေးခဲ့တဲ့ မိဘတွေကို လည်းအမြဲအမှတ်ရ ခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေကြာမြင့်လာပြီး ပထမအကြိမ် အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်လာရောက်စဉ် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာ မိန့်ခွန်းပြောတာကို ရုပ်မြင်သံကြားက တစ်ဆင့်ကြည့်လိုက်ရ ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမကြီးကို ကျကျနန ပြုပြင်ထားတာမို့ ကျက်သရေရှိ လှပါ တယ်။ နောက်တော့ နော်ဝေဘုရင်ကြီးရယ်၊ ဂျာမနီနိုင်ငံသမ္မတကြီးရယ် ဘွဲ့နှင်းသဘင်ခန်းမမှာပဲ မိန့်ခွန်းပြောတာကို မြင်တွေ့လိုက်ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ သူတို့လိုပဲ ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောချင် လိုက်တာလို့ စိတ်ကူးယဉ်မိခဲ့တာ အမှန်ပါ။ ဒါဟာ စိတ်ကူးယဉ်သက်သက် သာ ဖြစ်ပြီး လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကိုတော့ သိနေပါတယ်။
ဒါပေမယ့် မမျှော်လင့်ခဲ့တာတွေဖြစ်တတ်တဲ့၊ ဆန်းကြယ်လှတဲ့ လူ့ဘဝ မှာ ကျွန်တော့်ရဲ့စိတ်ကူးယဉ် အိပ်မက်တွေအကောင်အထည်ပေါ်ခဲ့ပါတယ်။ လူကြီးတွေရဲ့ စီစဉ်မှုနဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ နယ်သာလန်နိုင်ငံ မိဖုရားကြီး မက်စီမာဟာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်း မပြောမီ ကျွန်တော့်ကို ခန်းမထဲရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေကို ဘုရင်မကြီးမိန့်ခွန်းထဲမှာပါဝင်တဲ့ စီးပွားရေးဘာသာရပ် အခြေခံတွေကိုရှင်းပြဖို့ တာဝန်ပေးအပ်ခဲ့တယ်။ လုံးဝမမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ရပ်မို့ အံသြမိခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်က ဧည့်သည်တော် ကြီးတွေမရောက်မီ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ထဲဝင်ခဲ့ ပါတယ်။ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ တဖွဲဖွဲရောက် နေပြီး အချိန်ကြာတော့ ကျွန်တော် စင်မြင့်ပေါ်တက်ခဲ့ပါတယ်။ စင်မြင့် ပေါ်ကနေကြည့်လိုက်တဲ့အခါ ဘွဲ့နှင်းသဘင်ခန်းမတစ်ခုလုံး ပရိသတ်တွေ နဲ့ အပြည့်။ တချို့တွေကလည်း ကျောင်းဝတ်စုံတွေနဲ့ သူတို့ကိုကြည့်ပြီး ရင်ထဲက ပီတိဖြစ်ခဲ့ရပါတယ်။
ဘုရင်မကြီးမက်စီမာဟာ အမှန်တော့ တာဝန်နှစ်ရပ်ကို ယူထားသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ နယ်သာလန်နိုင်ငံ ဘုရင်ကြီးရဲ့ ကြင်ရာတော်ဖြစ်ပေ မယ့်တစ်ဖက်ကတော့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အများပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ပေါ်ပေါက်ဖို့ တာဝန်ပေးတဲ့ အထူး ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ မြန်မာပြည်ကို လာရောက်တာက အမှန်တော့ ဒုတိယတာဝန်ကြောင့်လာခြင်း ဖြစ်ပါတယ်။ သူ့ကို ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် ဆွစ်ဇာလန်နိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဆုံခဲ့စဉ်က မြန်မာနိုင်ငံသို့လာရောက်ဖို့ ဖိတ်ကြား ခဲ့တာဖြစ်ပါတယ်။ မိဖုရားဟာ အသက် ၄ဝ ကျော်သာရှိပြီး အာဂျင်တီးနား နိုင်ငံသူ ဖြစ်ပါတယ်။ သူက မြန်မာပြည်ကို လာရောက်ရင်း နိုင်ငံခေါင်းဆောင် များနဲ့ တွေ့ရုံသာမက နေပြည်တော်မှာကြီးမှူး ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ဘုရင်မကြီးကို တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဆရာ ဆရာမများ နဲ့ ထိတွေ့နိုင်ဖို့ လူကြီးတွေရဲ့စေတနာကြောင့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ မိန့်ခွန်းပြောဖို့လည်း စီစဉ်ခဲ့ပါတယ်။ ဒီအစီအစဉ်ရေးဆွဲစဉ် ဘုရင်မကြီး မိန့်ခွန်းမပြောမီ ကျွန်တော့်ကို သူဟောမယ့်ခေါင်းစဉ်နဲ့ ဆီလျော်တဲ့ စီးပွားရေးအခြေခံသဘောတွေပြောပေးပါဆိုလို့ ကျွန်တော့်အတွက် မျှော်လင့် မထားတဲ့ အခွင့်တစ်ရပ်ရရှိခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေထဲမှာ နိုင်ငံခြားသားတွေလည်းပါဝင်နေတာမို့ ကျွန်တော်က မြန်မာနဲ့ အင်္ဂလိပ်စကားညှပ်ပြီး ဟောခဲ့ပါတယ်။ နိုင်ငံခြားသားတွေပါဝင်တာ မို့ မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို တင်ပြခဲ့ ပါတယ်။ မြန်မာဇာတ်တွေမှာ အငြိမ့်တွေမှာ မင်းသမီး၊ မင်းသားတွေ မထွက် လာမီ ပရိသတ်တွေကိုဧည့်ခံဖို့ လူရွှင်တော်တွေက ပရိသတ်တွေ အရှေ့ထွက်ပြီး ပရိသတ်ကို ဧည့်ခံရပါတယ်။ ဒါကို အင်္ဂလိပ်စကားအသုံး အနှုန်းက '' War-ming up '' ပရိသတ်တွေကို သွေးပူလေ့ကျင့်မှုပြုခြင်းဖြစ် ပါတယ်။ အခုလို ကြိုးစားလိုက်တော့ ကိုယ့်အခြေအနေ အနေအထားကို အသေအချာသုံးသပ် မိပါတယ်။ တစ်နည်းပြောရရင် ကျွန်တော်ဟာ ဇာတ်ပို့သာဖြစ်ပြီး မင်းသမီးကတော့ ဘုရင်မကြီးသာဖြစ်ပါတယ်။
ကျွန်တော်က စီးပွားရေးအခြေခံတွေ မပြောမီ ကျောင်းသား ကျောင်းသူ လေးတွေ၊ ဆရာ ဆရာမတွေကို ပညာရေးရဲ့ အခြေခံကို တင်ပြခဲ့ပါတယ်။ အမှန်တော့ ပညာရေးစနစ်တစ်ခုဟာLearning သင်ယူခံယူမှုကို မြှင့်တင် ခြင်းသာဖြစ်ပါတယ်။ အခုလို သင်ယူခံယူရာမှာလည်း မသိသေးတဲ့ အသစ် အဆန်းကိုသိအောင်လုပ်ခြင်း(learn) ကိုယ်သိတာတွေ ခေတ်မမီတော့တာ နားလည်ပြီး ဖယ်ထုတ်ခြင်း (unlearn)နဲ့ ကိုယ်သိပြီးသား အကြောင်းအရာ ကိစ္စတစ်ရပ်ကို ပုံစံအသစ်တစ်မျိုးနဲ့ နားလည်အောင် ဆောင်ရွက်ခြင်း (relearn) တို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အမှန်တော့ လူတိုင်းအခုလို သင်ယူ ခံယူမှုပုံစံသုံးရပ်နဲ့ အသက်ရှင်သန်ဖို့ အထူးလိုအပ်ပါတယ်။
ကျွန်တော်ရတဲ့အခွင့်အရေးကိုယူပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ထူးခြားတဲ့ အကြောင်းအရာတွေကို တင်ပြခဲ့ပါတယ်။ အမှန်တော့ ရန်ကုန်တက္ကသိုလ် ကို ၁၉၂ဝ မှာ တည်ထောင်ခဲ့တာမို့ အရှေ့တောင်အာရှနိုင်ငံတွေအနက် ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အလှအပ ကိုလည်း ကျန်တဲ့တက္ကသိုလ်တွေ လိုက်မမီနိုင်ပါဘူး။ ရန်ကုန်တက္ကသိုလ် နဲ့ပတ်သက်ပြီး ထူးခြားတဲ့သင်္ကေတလေးရပ်ကိုလည်း အသိပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ပြောရင် ဒီသင်္ကေတလေးရပ်ကို ရည်ညွှန်းခြင်းဖြစ်ပါ တယ်။ ပထမကတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်း မပဲဖြစ်ပါတယ်။ ကျက်သရေအပြည့်ဖြစ်ပါတယ်။ နံရံတွေဆေးသုတ်မထားတာမို့ ရေညှိတွေ နဲ့ အလှဆင်ထားပါတယ်။ မုခ်ဦးအရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ဟာလည်း အလွန်တင့်တယ်လှပါတယ်။ ဒုတိယသင်္ကေတကတော့ ကျောင်းသား ကျောင်းသူတိုင်း ချစ်မြတ်နိုးတဲ့ သစ်ပုပ်ပင်ကြီးသာဖြစ်တယ်။ ဒီအပင်ကြီး ဟာ ခံ့ညားနေပါတယ်။ တစ်ချိန်က သစ်ပုပ်ပင်ကြီး အကြောင်း ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီး နောက်တစ်နေ့ ကျွန်တော်တို့နေတဲ့ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ သစ်ပင်ကြီးတွေပြိုလဲနေခဲ့တယ်။ ကျွန်တော်နဲ့ သမီးငယ် မနက်အစောကြီး ထပြီး တက္ကသိုလ်ရိပ်သာလမ်းအတိုင်း လမ်းလျှောက်ပြီး အဓိပတိလမ်းမကြီးဆီ လျှောက်ခဲ့တယ်။
တစ်လမ်းလုံးပြိုလဲနေတဲ့သစ်ပင်တွေနဲ့ လွှမ်းခြုံထားတဲ့ တောထဲခရီးသွားရသလို ခက်ခဲခဲ့တယ်။ သိစိတ်ကြောင့်လား၊ မသိစိတ် ကြောင့်လား မသိဘူး။ သွားရင်း သွားရင်းနဲ့ အဓိပတိလမ်းကတစ်ဆင့် သစ်ပုပ်ပင်ကြီးရှေ့ သားအဖနှစ်ယောက် ရောက်ခဲ့ပါတယ်။ ထူးခြားတာက ကျန်တဲ့သစ်ပင်တွေ ကျိုးပဲ့နေပေမယ့် သစ်ပုပ်ပင်ကြီးကတော့ ခပ်တည် တည်နဲ့ ရပ်တည်နေခဲ့တယ်။ စိတ်ထဲမှာပြေးပြီး သစ်ပုပ်ပင်ရှိနေသရွေ့ ဒို့တက္ကသိုလ်ကြီးတည်မြဲနေမှာပဲလို့ စိတ်ထဲက ဖြစ်မိပါတယ်။
တတိယသင်္ကေတကတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ပဲဖြစ်ပါတယ်။ အလွန်ထည်ဝါလှပြီး စာအုပ်စာတမ်းတွေ အပြည့်အဝနဲ့ စာကြည့် တိုက်ဟာ အမှန်တော့ အများနားလည်ထားသလို စာအုပ်တွေ စုထားရုံ သက်သက်မဟုတ် ပါဘူး။ စာအုပ်ဆိုတာက အမှန်တော့ အသိတရား တွေသာ ဖြစ်ပါတယ်။ နောက်ဆုံးသင်္ကေတကတော့ ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းကြီး ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်စဉ် ကောလိပ်နှစ်ခု ပေါင်းစည်းပြီး တည်ထောင်ခဲ့ခြင်း ဖြစ်တယ်။ တစ်ခုက University College တက္ကသိုလ်ကောလိပ်ဖြစ်ပြီး နောက်တစ်ခုကတော့ (Judson College) ဂျပ်ဆင်ကောလိပ်ဖြစ်ပါတယ်။ ဒီနေရာမှာ အင်္ဂလန်နိုင်ငံရဲ့ တက္ကသိုလ်ပညာရေးစနစ်နဲ့ပတ်သက်ပြီး သိထားဖို့ သင့်ပါတယ်။ သူတို့ဆီမှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Oxford တို့၊ Cambridge တို့ဟာ အမှန်တော့ ကောလိပ်အသီးသီးနဲ့ ဖွဲ့စည်းထားခြင်း သာဖြစ်တယ်။ Oxford University ဆိုတဲ့ အဆောက်အအုံ သတ်သတ် မှတ်မှတ်မရှိဘဲ ဒီတက္ကသိုလ်ရဲ့ အဖွဲ့ဝင် ကောလိပ်များနဲ့ စုစည်းထား တာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်စဉ်ကာလ ကောလိပ်နှစ်ခုနဲ့ တည်ထောင်ခဲ့ခြင်းသာဖြစ်ပါတယ်။
ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းကြီးကိုတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား တိုင်းသိကြပါတယ်။ ဘုရားရှိခိုးကျောင်းအရှေ့က မြက်ခင်း ပြင်ကြီးမှာ ဘုရားရှိခိုးကျောင်းကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်ကြပါ တယ်။ ဒါပေမယ့် ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းအတွင်း ဝင်လိုက်ရင် နဖူး စည်းမှာရေးသားထားတဲ့ စာပုဒ်ဟာ ပညာရေးစနစ်တစ်ခုရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကတော့ သမ္မာကျမ်းလာစာပုဒ်တစ်ခုဖြစ်တဲ့ ''အမှန်တရားသည် သင့်ကိုလွတ်လပ်စေ ၏။'' The truth shall make you free အမှန်တော့ ပညာရေးစနစ်ဟာ အမှန်တရားကိုရှာဖွေခြင်းသာဖြစ်ပါတယ်။
ကျွန်တော်က ဘုရင်မကြီးမရောက်ခင် မိနစ် ၂ဝ လောက်ဟောခဲ့ ပါတယ်။ အချိန်စေ့လို့ တာဝန်ရှိသူတွေနဲ့အတူ ဘုရင်မကြီးကို ကြိုဆိုပြီး သူ့ရဲ့မိန့်ခွန်းကို နားထောင်ခဲ့ပါတယ်။ သူဟာ အထူးကိုယ်စားလှယ်ဖြစ်တာမို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာအများပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုးရိုးလေး ဟြေရရင်တော့ ဆင်းရဲသား/သူတွေကို စရိတ်သက်သက်သာသာနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင် မှုတွေပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အများသိတဲ့အတိုင်း ဘဏ်တွေနဲ့ ဆင်းရဲသား/သူဟာ ဘုန်းကြီး နဲ့ ဘီးလို ဘယ်လိုမှ မပတ်သက်ပါဘူး။ ဆင်းရဲသားတွေဟာ ဘဏ်နဲ့နီးစပ်ဖို့ ခက်ခဲ ပါတယ်။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ ဘုရင်မကြီးက အကြံပြုထားခဲ့ပါ တယ်။ အမှန်တော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အသေးစားချေးငွေလုပ်ငန်းတွေ ခေတ်မီနည်းပညာ တွေသုံးပြီး ဘဏ္ဍာရေးစနစ်နဲ့ နီးစပ်အောင် ဆောင်ရွက် နိုင်ပုံတွေကို တင်ပြခဲ့ပါတယ်။

ဘုရင်မကြီး မိန့်ခွန်းပြောပြီး လူကြီးတွေနဲ့ ဓာတ်ပုံရိုက်ပြီးတော့ ကျောင်းသား ကျောင်းသူ ၁ဝ ဦးနဲ့ အမေးအဖြေလုပ်ပြီး သူ့ရဲ့ ရန်ကုန် တက္ကသိုလ်ခရီးစဉ်ဟာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးဟာလည်း ယခင်ကထက်ပိုပြီး တင့်တယ်လှပ နေတာတွေ့ရပါတယ်။

No comments:

Post a Comment