ရန်ကုန် မတ် ၁
စစ်တွေမြို့ပွိုင့်အငူ
အပန်းဖြေနေရာကို နိုင်ငံတကာအဆင့်မီ အပန်းဖြေကမ်းခြေ တစ်ခုဖြစ်လာစေရန် ၂ဝ၁၅ ခုနှစ်အတွင်း
အပြီးဆောင်ရွက် သွားမည်ဖြစ်သည်။ ယင်းရှုရပ်နေရာသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ အလှပဆုံးရှုခင်းများကို
မြင်တွေ့ ခံစားနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။
''ရခိုင်ပြည်နယ်မှာ
သဘာဝရှုခင်းလှပတဲ့နေရာတွေရှိတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေလည်းရှိလို့ ခရီးသွား
လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ စစ်တွေမြို့ ပွိုင့်အပန်းဖြေနေရာကို
နိုင်ငံတကာ အဆင့်မီ အပန်းဖြေနေရာတစ်ခု အဖြစ်ရောက်ရှိလာအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်''ဟု
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
စစ်တွေမြို့ပွိုင့်
အပန်းဖြေနေရာသည် ကမ်းနားပတ်လမ်းတွင် တည်ရှိပြီး သဘာဝကမ်းခြေနှင့် ပင်လယ်ပြင်အလှကို
တစ်ဝကြီးမြင်တွေ့ ခံစားရနိုင်သည့်နေရာဖြစ်သည်။ ကမ်းခြေသို့တလိမ့်လိမ့်ရိုက်ခတ် နေသောလှိုင်းများ၊
ရေပြင်ကို တိုက်ခတ်လာသော ဆားဓာတ်ပါသည့်လေ၊ ပင်လယ်ပြင်တွင်မောင်းနှင် သွားလာနေကြသော
ရေယာဉ်နှင့်သင်္ဘောများ၊ ရေလယ်တွင်ကျောက်ချ ရပ်နားနေသော သင်္ဘောများကို မြင်တွေ့နိုင်သည့်နေရာလည်းဖြစ်သည်။
စစ်တွေပွိုင့်အငူတွင်
မျှော်စင် တစ်ခုတည်ဆောက်ထားရာ ယင်းမျှော်စင်ပေါ်တက်ကာ သဘာဝပတ်ဝန်းကျင် အလှနှင့် ကမ်းနားပတ်
လမ်းအလှများအဖြစ် ပင်လယ်ပြင်အတွင်း ကျွန်းများကိုလည်း မြင်တွေ့ရနိုင်သည်။ ပွိုင့်အငူနေရာသို့
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် လျက်ရှိသည်ကို တွေ့ရသည်။
စစ်တွေမြို့ ပွိုင့်အငူနေရာကို
ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် စင်ကာပူနိုင်ငံမှ ဒီဇိုင်းထုတ်ကာ ယခုမတ်လမှစတင်ပြီး ခြောက်လတာအတွင်း
ငွေကျပ်သိန်း ၇ဝဝ ကျော် အကုန်အကျခံကာ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခု အဖြစ်ထွက်ပေါ်လာရန်
ဆောင်ရွက်သွားမည်ဖြစ်သည်။
တစ်ဖန် ယင်းနေရာရှိ
ကမ်းခြေမှာလည်း ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ကမ်းခြေဖြစ်ရာ အရှည် ၁ဝ မိုင်ခန့်
အထိရှိနေသည်။ ကမ်းခြေကိုလည်း အပန်းဖြေကမ်း ခြေတစ်ခုအဖြစ် ရောက်ရှိလာရန် ဆောင်ရွက်သွားမည့်
အစီအစဉ် လည်းရှိနေသည်။
စစ်တွေမြို့ ပွိုင့်အငူရှိရာသို့
သွားသောကမ်းခြေပတ်လမ်း တစ်လျှောက်တွင် အနားယူအပန်းဖြေ နိုင်သည့် ထိုင်ခုံများပြုလုပ်
ပေးထားရာ လူကြီး၊ လူငယ်မရွေး အပန်းဖြေ လမ်းလျှောက်ကာ အနားယူနိုင်သည့်နေရာလည်းဖြစ်သည်။
စစ်တွေမြို့ကမ်းခြေပတ်
လမ်းသည် ကွန်ကရစ်လမ်းဖြစ်ရာ အချိန်မရွေး၊ ရာသီမရွေးလာရောက်နိုင်ပြီး ယခုကဲ့သို့ နိုင်ငံတကာ
အဆင့်မီအပန်း ဖြေနေရာ တစ်ခုအဖြစ် အဆင့်မြှင့် တင်ခြင်းသည် ရခိုင်ပြည်နယ်သို့ လာရောက်ကြသည့်
ခရီးသွား ဧည့်သည်များအတွက် မဖြစ်မနေရောက်ရှိ အပန်းဖြေရမည့်နေရာတစ်ခုလည်း ထွက်ပေါ်လာမည်ဖြစ်သည်။
''ရခိုင်ပြည်နယ်မှာ
စိတ်ဝင်စားစရာ အကောင်းဆုံးနေရာတွေကတော့ ရှေးဟောင်းဗိသုကာလက်ရာတွေရှိနေတဲ့ မြောက်ဦးနဲ့
စစ်တွေမြို့ ရဲ့ပွိုင့်အငူအပန်းဖြေနေရာပဲ ဖြစ်ပါတယ်။ အခြားနေရာတွေ အများအပြားရှိပေမယ့်
ဒီနေရာ နှစ်နေရာ ကတော့အကြိုက်ဆုံးပါပဲ'' ဟု ခရီးသွားအထူး ဘတ်စ်ကားဖြင့် စစ်တွေမြို့ပွိုင့်အငူသို့
လာရောက်လေ့လာကြသည့် ၂၂ ဦးပါ ခရီးသွားအုပ်စုမှ ပြင်သစ်နိုင်ငံသူကောလင်းက ပြောသည်။
စစ်တွေမြို့သို့ ရန်ကုန်မှ
လေယာဉ် ခရီးဖြင့် ၄၅ မိနစ်ခန့်သာ သွားရောက်ရပြီး မော်တော်ယာဉ် ဖြင့်လည်းသွားရောက်နိုင်ရာ
ယခုအခါ နိုင်ငံတကာအဆင့်မီ အပန်းဖြေနေရာ တစ်ခုအဖြစ် ထွက်ပေါ်လာတော့မည်ဖြစ်သည်။

No comments:
Post a Comment