Sunday, March 1, 2015

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် အမျိုးသားသွေးဌာနကြည့်ရှုစစ်ဆေး




ရန်ကုန် မတ် (၁)
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်ရှိ အမျိုးသား သွေးဌာနသို့ ရောက်ရှိပြီး သွေးလှူဒါန်းရန် စောင့်ဆိုင်းနေကြသော စေတနာသွေးလှူရှင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် သွေးလှူရှင်များအား ကျန်းမာရေးစစ်ဆေးနေမှု၊ သွေးအုပ်စုခွဲမှု၊ ကွန်ပျူတာဖြင့် မှတ်ပုံတင် စာရင်းရေး သွင်း နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံဆရာကြီး တွဲဖက်ပါမောက္ခ ဒေါက်တာသီအောင်က ရှင်းလင်းပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့်အတူ ဆရာတော် အပါအဝင် တပည့် ဒါယကာ၊ ဒါယိကာမများ၏ အကြိမ် (၃၀) မြောက် သွေးလှူးဒါန်းပွဲအထိမ်းအမှတ် သွေးလှူဒါန်းနေကြသော သွေးလှူရှင်များနှင့် သွေးလှူဒါန်းပြီးသည့် သွေးလှူရှင်များအား အာဟာရကျွေးမွေး နေမှုများအား လိုက်လံကြည့်ရှု အားပေခဲ့ သည်။
ဆက်လက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံ သွေးရောဂါအထူးကုဌာန၏ လူနာဆောင်များတွင် ဆေးကုသမှု ခံယူနေသော လူနာများအား ကျန်းမာရေးအခြေအနေများ မေးမြန်းကာ ရင်းနှီးစွာ အားပေးစကား ပြောကြားခဲ့ပြီး လက်ရှိသွေးရောဂါ အထူးကုဌာနအား နိုင်ငံတကာအဆင့်မီ အမျိုးသားသွေးရောဂါဗေဒဌာန အဖြစ် တိုးချဲ့ဆောက်လုပ်ရန် နေရာအခြေအနေ ကို ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်နှင့် ဌာနမှူး ပါမောက္ခ ဒေါက်တာထွန်းလွင်ငြိမ်းတို့က ရှင်းလင်း ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားသွေးဌာန အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ အားတွေ့ဆုံရာ အမျိုးသားသွေးဌာန တာဝန်ခံဆရာကြီး တွဲဖက်ပါမောက္ခ၊ ဌာနမှူးထွန်းလွင်ငြိမ်း၊ ဆေးရုံအုပ်ကြီးတို့က သန့်စင်သော သွေးရရှိရေး စနစ်တကျဆောင်ရွက်နေမှု၊ နိုင်ငံတကာအဆင့်မီ သွေးရောဂါအထူးကုဌာနဖြစ်နိုင်ရေး အဆိုပြုတင်ပြမှုနှင့် သွေးရောဂါအထူးကုဌာန တိုးချဲ့ဆောက်လုပ်ရန် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သွေးရောဂါအထူးကုဌာနများကို ပြည်နယ်/ တိုင်းများတွင် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင် ဖွဲ့စည်းရေး၊ သွေးလိုအပ်ချက်သည့် ဆေးရုံများသို့ အချိန်မီသယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးစနစ်ကောင်းမွန်စေရေးနှင့် သွေးရောဂါ အထူးကုဌာနတိုးချဲ့ဆောက်လုပ်ရန် တင်ပြမှုတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment