Tuesday, March 31, 2015

သမ္မတအိမ်တော် သတင်းထောက်များ သတင်းရယူနိုင်ရေးရှင်းလင်းဆွေးနွေး




နေပြည်တော် မတ်  ၃၁
သမ္မတအိမ်တော် သတင်းထောက်များ သတင်းရယူနိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က နိုင်ငံတော်သမ္မတ အိမ်တော်သို့ သတင်း ၀င်ရောက်ရယူနိုင်ရန် သတ်မှတ်ထားသော သတင်းထောက်များသည် ဧပြီလ(၁)ရက်မှ စတင်ပြီး သတင်းရယူနိုင်တော့မည် ဖြစ်ပါကြောင်း၊ သတင်းထုတ်ပြန်/ ရယူနိုင်ရေး အတွက် ရုံးခန်း နေရာ စီစဉ်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတအိမ် တော်အတွင်း သတင်းရယူရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထူးက နိုင်ငံတော် သမ္မတအိမ်တော်သို့ ၀င်ထွက်ခွင့်ကတ်များနှင့် လုံခြုံရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ သမ္မတအိမ်တော်အတွင်း ၀င်ရောက် သတင်း ရယူခွင့်ပြုထားသော သတင်းထောက်များ၏ မေးမြန်းမှု များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်း လင်း ဖြေကြား ခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ သတင်းထောက်များသည် နိုင်ငံတော် သမ္မတ အိမ်တော်သို့ သွားရောက်၍ အ၀င်အထွက်ပြုလုပ်ရမည့် လမ်းကြောင်းနှင့်သတင်းရယူရမည့်နေရာ၊ ယာဉ်ရပ်နားရန်နေရာများကို သွားရောက်လေ့လာ ကြည့်ရှုကြသည်။
သမ္မတအိမ်တော် သတင်းထောက်အဖြစ်လျှောက်ထားသူများအနက် ပြည်တွင်း/ ပြည်ပ သတင်း ထောက် (၄၅)ဦးအား ခွင့်ပြုပေးထားသည့် အချက်အလက်မပြည့်စုံသော (၈)ဦးအတွက် လိုအပ် ချက်များ တောင်းခံ၍ ဆက်လက်စိစစ်ခွင့်ပြု ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment