Tuesday, March 31, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိ





ဗီယင်ကျန်း မတ် ၃၀
 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင် သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင် ချစ်ကြည် ရေး ခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ ၀က်ထေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။





ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဗီယင်ကျန်းမြို့ ၀ပ်ထေး အပြည် ပြည် ဆိုင်ရာ လေဆိပ်၌ သမ္မတရုံး ၀န်ကြီး မစ္စတာ ဖုန်ဆာဗတ် ဘိုဖာနှင့် ဇနီး၊ ဗီယင်ကျန်းမြို့ ဒုတိယမြို့တော် ၀န်၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာ လိုင်းရင်းဆိုင်ညဇန်၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စိုးဝင်း၊ လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး တင်ထွန်း အောင်၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဒေါ်ခင်အေးမြင့် ဦးဆောင်သော အဖွဲ့သည် လာအိုနိုင်ငံ သမ္မတ နန်းတော် သို့ ရောက်ရှိရာ လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်က ကြိုဆို နှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် လာအိုနိုင်ငံသမ္မတ ကျူမာလီဆိုင် ညဆွန်အား ဂါရ၀ပြုတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့် အတူ ဒုတိယ၀န်ကြီး များဖြစ်ကြသည့် ဦးသန့်ကျော်၊ ဦးကျော် ကျော်ဝင်း၊ ဦးမော်သာထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုနိုင်ငံမှ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး၊ လာအို သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးတက် လာစေရေး၊ နှစ်နိုင်ငံ အစီအစဉ်များ အပြင် အာဆီယံ၊ ဂျီအမ်အက်စ်၊ အက်ခ်မက်စ်၊ စီအယ်လ်အမ်ဗွီနှင့် အယ်လ်အမ်အိုင်တို့ ကဲ့သို့သော ဒေသတွင်းအစီအစဉ်များတွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုများ တိုးတက်စေရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်စေရေး အတွက် အလားအလာရှိမည့် နယ်ပယ်များကို ချဲ့ထွင် ဖော်ထုတ် သွားရေးနှင့် စိုက်ပျိုးရေး၊ ခရီးသွားလာရေး လုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ကဏ္ဍများတွင် နှစ်နိုင်ငံအကြား အပြန်အလှန်လေ့လာရေး ခရီးသွား ရောက်ခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာဖလှယ်ခြင်းတို့ဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက် ရေးတို့နှင့် ပတ်သက်ပြီး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယသမ္မတသည် လာအိုနိုင်ငံ ဒုတိယ သမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီး များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လာအိုနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ သွန်ဆင်း သမာဗောင်နှင့် လာအိုနိုင်ငံ အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက် တိုးမြင့်သွားရေး၊ နှစ်နိုင်ငံနယ်စပ် တစ်လျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ရေး တို့အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတဦးဉာဏ်ထွန်း၏ ဇနီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လာအို သမ္မတနန်းတော်မှ တစ်ဆင့် Ammalin လာအိုပိုးထည် လက်မှုပြခန်းနှင့် SONG MUE NANG လက်မှု ပြခန်းတို့အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ပြီးနောက် Thatluang ရုပ်ပွားတော်အား သွားရောက် ဖူးမြော် ကြည်ညိုခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးဦးဆောင်သော အဖွဲ့သည် လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment