Tuesday, March 31, 2015

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကျင်းပ




နေပြည်တော် မတ် ၃၀
 
ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန် ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။



၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ-၁(က)ပါ လုပ်ငန်းစဉ် တွင် ထည့်သွင်း ရန်ကျန်ရှိသည့် လွှတ်တော် ကတိကဝတ် ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က လွှတ်တော် ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူလတင်ပြစဉ်က ကျန်ရှိနေသည့် ကတိကဝတ်များထဲတွင် ပြည်သူများလတ်တလော အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းနှင့် နှစ် ချင်းပြီး ဆောင်ရွက်နိုင်မည့် လုပ်ငန်းတို့အပေါ် အခြေခံ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီတို့ ညှိနှိုင်းစိစစ်၍ ဆောင်ရွက်ရ မည့်ကတိကဝတ် (၃၄၆) ခုကို နောက်ဆက်တွဲ- ၁(က)၌ စုစုပေါင်း ဝန်ကြီးဌာန (၈)ခုရှိပြီး ဘဏ္ဍာငွေဖြည့်စွက် ရန်ပုံငွေ တောင်းခံချိန်တွင် ဦးစားပေး ထည့်သွင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က တင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း) ကို ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေး၏ ပထမနေ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က တင်သွင်း ခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အမျိုးသား စီမံကိန်းဥပဒေကြမ်း အပေါ် လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နှင့် (၂၇)ရက်တို့ တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၂၉)ဦးက မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးက ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မတ်လ ၉ ရက်တွင် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ သာမန် အသုံးစရိတ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် ဒေါက်တာ မြတ်ဥာဏစိုးတို့က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့သည်။

No comments:

Post a Comment