Monday, March 30, 2015

ခရီးသွားကဏ္ဍ၏ အမှတ်တရပုံရိပ်တစ်ခု (ဆောင်းပါး)

မျိုးမြင့်သန်း (မန်းစက်မြေ)
ကောလာဟလမျိုးမှတစ်ပါး အမှန်တကယ် ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်၍ ကောင်းသတင်း၊ မကောင်းသတင်းပျံ့နှံ့မှု အပေါ် တွင် မြန်မာစာပေလောက၌ ရေးသားသုံးနှုန်းလေ့ရှိသောစကားပုံတစ်ခုမှာ ''ဟုတ်လို့ကျော် ပုပ်လို့ပေါ်'' ဟူ၍ မှတ်သားခဲ့ မိဖူးပါသည်။ ယခုလည်း အဟုတ်မှန်၍ တကယ်ကျော်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ၏ အမှတ်တရ မှတ်တိုင်တစ်ခုနှင့် ပတ်သက်၍ တင်ပြလိုပါသည်။

၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးနောက် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကြောင့် နိုင်ငံတကာ အသိုက်အဝန်း၏ နွေးထွေးရင်းနှီးမှုများ တိုးတက်များပြားလာခဲ့သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ပေါင်းစပ်မှုရလဒ်အဖြစ် မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၂ ဒသမ ဝ၄ သန်းရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၉၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။၂ဝ၁၄ ခုနှစ်တွင် မျှော်မှန်း ဆောင်ရွက်ခဲ့သော ခရီးသည် သုံးသန်းကို ကျော်လွန်ခဲ့ပြီး ၃ ဒသမ ဝ၈၁ သန်းရောက်ရှိကာ ယခင်နှစ်ထက် ၅၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
၂ဝ၁၃ ခုနှစ် ASEAN SEA Games ပြိုင်ပွဲကြီး၊၂ဝ၁၄ ခုနှစ် ASEAN အလှည့်ကျဥက္ကဋ္ဌတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သကဲ့သို့ G 20 ထိပ်သီးအစည်းအဝေးကြီးသို့ပင် တက်ရောက်ရန်ဖိတ်ကြားခံခဲ့ရသော ကမ္ဘာ့နိုင်ငံကြီးများ ဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံကြီးများနှင့်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။
သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမြင်သာမှုများ၏ အကျိုးရလဒ်တစ်ခုအဖြစ် မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍအတွင်း ပေါ်ထွန်းလာ ခဲ့ပြန်ပါပြီ။ ၎င်းမှာ Lonely Planet Traveller မဂ္ဂဇင်းမှ ''Lonely Planet Traveller Destination Awards 2014"၂ဝ၁၄ဓတတိယအကြိမ်မြောက် ဆုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံအား အကောင်းဆုံး AEC နိုင်ငံ ခရီးသွားဆု (Best in Travel-AEC Country) ချီးမြှင့်ခြင်းခံရသည်။
အဆိုပါဆုသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် ကမ္ဘာလှည့်ခရီးသွား များအား အကောင်းဆုံးနိုင်ငံများသို့ လည်ပတ် နိုင်ရေး အားပေးတိုက်တွန်းရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အွန်လိုင်းမှ စာဖတ်သူများ၏ ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လေ့လာဆန်းစစ်ချက်များအပေါ် အခြေခံ၍ ဆုရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။
Lonely Planet Traveller မဂ္ဂဇင်းကြီး၏ သမိုင်းကြောင်းနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအပေါ်တွင် ထိုမဂ္ဂဇင်းကြီး ၏ သြဇာတိက္ကမ ကြီးမားလွှမ်းမိုးမှုကို အနည်းငယ်တင်ပြလိုပါသည်။ Lonely Planet သည် ပုဂ္ဂလိကပိုင် Media လုပ်ငန်းတစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် အခြေစိုက်သော ကမ္ဘာ့အကြီးဆုံး ခရီးသွားလမ်းညွှန်စာအုပ်များ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား လာခြင်းကို ဝါသနာကြီးလှသော Tony Wheeler နှင့် Maureen Wheeler ဇနီးမောင်နှံမှ ၎င်းတို့၏မင်္ဂလာဦးပျားရည်ဆမ်းခရီးမှ စတင်အခြေပြုတည်ထောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ပထမဆုံးစာအုပ်ကို Across Asia on the Cheap အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး တစ်စတစ်စ အောင်မြင် မှုရရှိလာခဲ့ပါသည်။ ၂ဝဝ၇ ခုနှစ်တွင် Wheeler ဇနီးမောင်နှံနှင့် ရှယ်ယာရှင် John Sin gleton တို့မှ BBC Worldwide သို့ ကုမ္ပဏီ၏ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ပါသည်။
ထို့အပြင် Lonely Planet's Online Community. ''Thorn Tree" ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖန်တီးခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် သန်းပေါင်းများစွာထံမှ ခရီးသွားအတွေ့အကြုံများဖလှယ်ခြင်းနှင့် အကြံဥာဏ်များရယူခြင်း အတွက် အသုံးပြုခဲ့ပါ သည်။ ၂ဝဝ၃ ခုနှစ်တွင် BBC မှ Lonely Planet ၏ ပိုင်ဆိုင်မှုအချို့ကို အမေရိကန် ဘီလျံနာ Brad Kellely ၏ NC2 Media သို့ရောင်းချခဲ့ပါသည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ တရုတ်၊ အိန္ဒိယနိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ကာ ဝန်ထမ်းပေါင်း ၄ဝဝကျော်၊ စာရေးဆရာပေါင်း ၂ဝဝ ကျော်တို့ဖြင့် လုပ်ငန်းလည်ပတ်ကာ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ Travel Guide Book စာအုပ် ၁၂ဝ သန်းအထိ စံချိန်တင်ရောင်းချနိုင်အောင် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အရေးပါမှုကြီးမားသော Media တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် အားလုံးနီးပါးလောက် Lonely Planet Guide Book စာအုပ်များ ကိုင်ဆောင်၍ ဝင်ရောက်လာသည်ကို မြင်တွေ့ဖူးပါသည်။ နိုင်ငံတော်အစိုးရသစ်လက်ထက် ကာလမတိုင်မီ အထိ ခရီးသွားလုပ်ငန်းအပေါ်တွင် အားပေးမှုနည်းပါးခြင်း၊ ချို့ယွင်းအားနည်းချက်များပြားမှုတို့အပေါ် အခြေခံ၍ ယင်းမဂ္ဂဇင်း၏တင်ပြ ချက်များမှာ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူမပြု သည်သာမက အဟန့်အတားပင်ဖြစ်စေခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ် နိုင်ငံတော်အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ပွင့်လင်း မြင်သာသော ပြောင်းလဲမှုအရပ်ရပ်အပေါ်အခြေခံ၍ ကောင်းမွန်သော ရေးသားမှုများ သာမက ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်း တင်သည်အထိ အောင်မြင်မှုရရှိသည်မှာလည်း နိုင်ငံချစ်သောပြည်သူအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့်ပင် ဖြစ်ပါသည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်နေရသည့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် လမ်းညွှန်ချက်တာဝန်(၄)ရပ် ချမှတ်ကာ ဆောင်ရွက်ခဲ့ပါသည်-
(က) ခရီးသည်များ ဝင်/ထွက်မှုစနစ်တကျ လွယ်ကူအဆင်ပြေစေရေး
(ခ) ခရီးသည်များသွားလာရာတွင် အလွယ်တကူအဆင်ပြေစေရေး အတွက် ခရီးသွားဆိုင်ရာယာဉ်များ စနစ်တကျ ဖြစ်စေရေး
(ဂ) ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့်အတန်းမြင့်မားစေရေး
(ဃ) ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းရေးဟူ၍ ဖြစ်ပါသည်။
လမ်းညွှန်ချက်တာဝန်(၄)ရပ် အောင်မြင်စေရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။ ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း၏ မဟာဗျူဟာ(၆)ရပ်အောက်တွင် လမ်းညွှန်ချက်တာဝန်များ ကျေပွန်နိုင်စေရေး အတွက် စီမံကိန်း ၃၈ ခု ထည့်သွင်းရေးဆွဲဆောင်ရွက်ခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဓိကပံ့ပိုး ကူညီမှုဖြင့် Visa On Arrival ကို နိုင်ငံပေါင်း ၅၁ နိုင်ငံသို့ ထုတ်ပေးနိုင်ရေးနှင့် e-Visa စနစ်ကို ၁-၉-၂ဝ၁၄ မှစ၍ နိုင်ငံပေါင်း ၆၇ နိုင်ငံအတွက် ထုတ်ပေး နိုင်ရေး ဆောင်ရွက်နိုင်ခဲ့သဖြင့် ခရီးသွားဧည့်သည်များ ဝင်/ထွက်မှု စနစ်တကျ ဖြင့် လွယ်ကူအဆင်ပြေစွာ တိုးတက် ဝင်ရောက်မှုရှိခဲ့ပါသည်။
ဆက်စပ်ဝန်ကြီးဌာန များမှလည်း ၎င်းတို့၏ ပင်မလုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ရင်း ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူပြုခဲ့ကြပါသည်။ ယခုအခါ ပြည်တွင်းလေကြောင်းလိုင်း ရှစ်ခုအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပလေကြောင်းလိုင်း ၂၅ ခု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်း ခုနစ်ခု၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းနှစ်ခု ပျံသန်းပြေးဆွဲနေပြီး ဖြစ်ပါသည်။ မြန်မာ့ လေကြောင်းမှ စင်းလုံးငှားလေယာဉ်ငယ်များဖြင့် ဝန်ဆောင်မှုပေးနေပြီး ဧည့်သည်များ လေ့လာလိုသည့် နေရာဒေသ များတွင် ဝေဟင်မှမီးပုံးပျံစီးပြီး ကြည့်ရှုခံစားနိုင်ရန် မီးပုံးပျံဖြင့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများလည်း ပေါ်ထွန်း လာခဲ့ပြီဖြစ်ပါသည်။ ရေကြောင်းဖြင့် ခရီးသွားလာရင်း အပန်းဖြေလေ့လာလိုသူများအတွက် အိပ်ခန်းပါသင်္ဘောကြီးများနှင့် ကမ်းခြေဒေသများတွင် ရွက်တပ်စက်လှေများလည်း အရန်သင့်ရှိပါသည်။
မြန်မာ့မီးရထားမှလည်း နိုင်ငံခြားသားခရီးသည်များအတွက် အထူးသီးသန့် တွဲများချိတ်ဆွဲ၍ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ပြည်တွင်းမော်တော်ယာဉ် လိုင်းအသီးသီးတွင် အဆင့်မြင့်ခေတ်မီမော်တော်ယာဉ်ကြီးများဖြင့် ဆောင်ရွက်နေကြ သကဲ့သို့ စီးလုံးငှား Taxi ကုမ္ပဏီများလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်ပါသည်။
ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများ အဆင့်အတန်းမြင့်မားရေးအတွက် ဟိုတယ်လုပ်ငန်းလိုင်စင်များ ထုတ်ပေးရာတွင် မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအမိန့်များနှင့်အညီ စနစ်တကျ စေ့စပ်သေချာစွာ စိစစ်ပြီးမှ ထုတ်ပေးသကဲ့သို့ စားသောက်ဆိုင်ကြီးများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စနစ်တကျစိစစ်ပြီးမှသာ ထုတ်ပေးခဲ့ပါသည်။ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများတွင် ပြင်ဆင်မွမ်းမံမှု (Decoration) သာမက ဝန်ဆောင်မှု (Service) မှာလည်း အဓိကကျသဖြင့် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတွင် ဟိုတယ်ဝန်ထမ်းများသာမက စားသောက် ဆိုင်ကြီးများမှ ဝန်ထမ်းများကိုပါ လေ့ကျင့်သင်ကြားပေးမှုပြုခဲ့ပါသည်။
နိုင်ငံတော်အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် ဧပြီလမှ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များတွင် ဝန်ဆောင်မှု ဆိုင်ရာ သင်တန်း ၂၁ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၃၃၃၇ ဦး တက်ရောက် ခဲ့ပါသည်။ ထို့အတူ ခရီးသွားဧည့်သည်များအတွက် အဓိကလိုက် ပါရမည့် အရည်အသွေးမီ ဧည့်လမ်းညွှန်များ ပေါ်ထွန်းရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုပေါ်ပေါက်စေရေးအတွက် ဧည့်လမ်းညွှန်အခြေခံသင်တန်း ခုနစ်ကြိမ်၊ သင်တန်းသား ၇၆၄ ဦး၊ ဧည့်လမ်းညွှန်များ အထူးမွမ်းမံသင်တန်း လေးကြိမ်၊ သင်တန်းသား ၃၈၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အကြိမ် (၂ဝ)၊ သင်တန်းသား ၁ဝ၇ဝ တို့အား မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကသင်တန်းကျောင်းများမှလည်း ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင် ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတစ်ဝန်းရှိ ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးအပါအဝင် အခြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်း ဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပဆောင် ရွက်ခဲ့သကဲ့သို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကို တာဝန်ယူဆောင်ရွက် သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအား နေပြည်တော်ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပုဂ္ဂလိကကဏ္ဍများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု အင်အားကလည်း တစ်တပ်တစ်အားပင်ဖြစ်ပါသည်။ မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (Myanmar Tourism Federation)အောက်တွင် အသင်းအဖွဲ့ ၁၁ ခု ဖွဲ့စည်းထားရှိ ပါသည်။ အဆိုပါ အသင်းအဖွဲ့များအနေဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှလည်း အသင်းအဖွဲ့ အားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဤသို့ တက်ညီလက်ညီ ဆောင်ရွက်မှုကြောင့်လည်း ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်များ ရရှိလာ ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပိုမိုတိုးတက်စေရန် ပိုမိုပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ တင်ပြလိုပါသည်။ မိမိတို့နိုင်ငံ၏ ခရီးသည်ဝင်ရောက်မှုမှာ အိမ်နီးချင်းနိုင်ငံ အချို့နှင့် နှိုင်းယှဉ် လျှင် နည်းပါးနေ သေးသည်မှာ မှန်ကန်ပါသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရသစ်လက်ထက် မတိုင်မီကာလက သန်းဂဏန်းဟု မဖော်ပြနိုင်ခဲ့ပါ။ ၂ဝ၁၁ ခုနှစ်တွင် သန်းဂဏန်းနီးပါးရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ဝ၆ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် ၂ ဒသမ ဝ၄ သန်း၊ ၂ဝ၁၄ ခုနှစ်တွင် ၃ ဒသမ ဝ၈၁ သန်း အသီးသီးတိုးတက်လာပြီဖြစ်ပါသည်။ တစ်ခုသတိပြု ရန် လိုအပ်သည်မှာ မိမိတို့နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ရသုံးဝင်ငွေအခြေအနေပေါ် မူတည်၍ အခြေခံအဆောက်အအုံ ဆိုင်ရာများ ဆောင်ရွက်ရခြင်းနှင့် မိမိတို့နိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိခိုက်နစ်နာမှုအနည်းဆုံးနှင့် အကျိုးအမြတ် အများဆုံး ရရှိနိုင်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် အဓိကအခြေခံထား ဆောင်ရွက်နေမှုဖြစ်ပါသည်။ သို့ဖြစ်၍လည်း တာဝန်သိ ခရီးသွားလုပ်ငန်းမူဝါဒ (Responsible Tourism Policy)၊ ဆောင်ရန်/ရှောင်ရန် (Dos & Don'ts)များကို ဝန်ကြီးဌာနမှ အလေးထား ဖြန့်ဝေဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းနှင့်ကမ်းနှင့် တိုးတက်မှုများကို ရှေးရှု၍ စည်းမဲ့ကမ်းမဲ့တိုးတက်မှုမျိုး မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်နေခြင်းကို နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။
ဟိုတယ်အခန်းခများ ဈေးနှုန်းကြီးမြင့်သည်ဟုဆိုကြရာတွင် ၂ဝ၁၂ ခုနှစ်၌ ခရီးသည်ဝင်ရောက်မှု ရုတ်တရက် တိုးမြင့်မှု ကြောင့် အိပ်ခန်းလိုအပ်ချက်အချို့ရှိရာ အချို့သောလုပ်ငန်းရှင်များ၏ ဈေးကစားမှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး ဝန်ကြီးဌာနမှ အချိန်မီဝင်ရောက်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံ လုံးတွင် နိုင်ငံခြားသားတည်းခိုခွင့်လုပ်ငန်းလိုင်စင်ရ ဟိုတယ်၊ မိုတယ်၊ အင်း စုစုပေါင်း ၁၁ဝ၆ လုံး၊ အခန်းပေါင်း ၄၃၂၄၃ ခန့် ရှိပြီဖြစ်ပါသည်။
လုပ်ငန်းရှင်များမှ မိမိတို့ဟိုတယ်အဆင့်အတန်းအလိုက် ဈေးနှုန်းသတ်မှတ် ရောင်းချသကဲ့သို့ ဧည့်သည်များမှလည်း စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိပြီး ဖြစ်ပါသည်။ အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ အနိမ့်ဆုံးနှင့် အမြင့်ဆုံး ဈေးနှုန်းမကန့်သတ် နိုင်စေကာမူ တည်ငြိမ်သောဈေးနှုန်းနှင့် ဈေးကွက်စီးပွား ရေးစနစ်ပုံစံရရှိနေပြီကို ခရီးသွားလုပ်ငန်းကဏ္ဍအား ထဲထဲဝင်ဝင် လေ့လာသူတိုင်း သိရှိကြပါသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် တစ်ချိန်သောအခါက မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍ၏ အားနည်းချို့ယွင်းချက်များ ကိုထောက်၍ ရေးသားလေ့ရှိသော ခရီးသွားကဏ္ဍတွင် သြဇာတိက္ကမကြီးမားစွာဖြင့် စာဖတ်ပရိသတ်များပြားသည့် ကမ္ဘာကျော်ပုဂ္ဂလိကပိုင် Media အုပ်စုကြီးဖြစ်သည့် Lonely Planet မှ ထုတ်ဝေသည့် Lonely Planet Traveller မဂ္ဂဇင်းကြီးမှ မြန်မာနိုင်ငံကို အကောင်းဆုံး AEC နိုင်ငံခရီးသွားဆု (Best in Travel-AEC Country) ကို ချီးမြှင့်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော် MICC II ၌ ကျင်းပသည့် Asean Tourism Forum (ATF-2015) ဖွင့်ပွဲအခမ်းအနားကြီးတွင် ထိုမဂ္ဂဇင်းကြီး၏ အမှုဆောင် အယ်ဒီတာချုပ်မှ တက်ရောက်အပ်နှင်းသည်မှာ အထက်တွင်တင်ပြခဲ့သည်နှင့်အညီ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံမှ ကောင်းသတင်းများ အဟုတ်မှန်၍ တကယ်ကျော်ခဲ့သည့် ခရီးသွားကဏ္ဍ၏ အမှတ်တရပုံရိပ်တစ်ခုအဖြစ် မျိုးချစ်စိတ် အပြည့်နှင့် ပြည်သူများက လက်ခံယုံကြည်ကြမည်ဖြစ် ပါကြောင်း တင်ပြလိုက် ရပါသည်။ ။

No comments:

Post a Comment