Monday, March 30, 2015

ဒီရေတောပြုစုထိန်းသိမ်း အသုံးချရေး လုပ်ငန်းများ၌ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် လာစေရေး လိုအပ်


နေပြည်တော် မတ် ၂၉

ဒီရေတောများသည် ကုန်းတွင်းပိုင်း နှင့် အဏ္ဏဝါဂေဟစနစ်များ ဆက်စပ်၍ အပင်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ပေါက်ပွားရာနေရာဒေသဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကို တံတိုင်းသဖွယ်ကြံ့ကြံ့ခံကာကွယ် ပေးနိုင်ကြောင်း သိရသည်။ မြန်မာ နိုင်ငံ၌ ဒီရေတောများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အများဆုံး တွေ့ရသည်။


ရန်ကုန်တိုင်းဒေသကြီး၌လည်း ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ် လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းဒေသတွင် တွေ့ရှိရ သည်။ ဒီရေတောများသည် ဒေသခံ ပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့် အပြင် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်အခါက ကမ်းရိုးတန်းနေ ဒေသခံပြည်သူများ၏ ဘဝရှင်သန် ရပ်တည်ရေးအတွက် အရေးပါ ကြောင်း ပြသခဲ့သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနသည် ဒေသခံပြည်သူ များက မိမိတို့ဒေသ၊ မိမိတို့ဝန်းကျင်ရှိ ဒီရေတော ရေရှည်တည်တံ့စေရေး ပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျ အသုံးချခြင်းတို့ကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်သည် ဒီရေတောများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဒီရေတောပြုစုထိန်းသိမ်းသုံးစွဲခြင်း လုပ်ငန်းများ၌ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာ စေရေးအတွက် မတ် ၂၄ ရက်မှ ၂၆ ရက်ထိ လပွတ္တာမြို့နယ်နှင့် ဘိုကလေး မြို့နယ်တို့အတွင်းရှိ ကမ်းရိုးတန်း ကျေးရွာများနှင့် ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းဒေသရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူအစု အဖွဲ့ပိုင်စိုက်ခင်းများ၊ ဌာနစိုက်ခင်း များနှင့် ပုဂ္ဂလိကပိုင်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒီရေတောပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျအသုံးချနိုင်ရန် မကြာမီ ရောက်ရှိတော့မည့် မိုးရာသီကာလ၌ ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေး အန္တရာယ်အား ကြိုတင်မြော်တွေး၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနည်းလမ်းနှင့် အစီအမံ များအား ကြိုတင်ဇာတ်တိုက်လေ့ကျင့် ထားရန် ဆွေးနွေးမှာကြားသည်။

လပွတ္တာမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဦး ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် မဏ္ဍိုင်ကြီး(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေမှုကို ရှင်းလင်းပြောကြား၍ ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။


မြန်မာနိုင်ငံ၏ ဒီရေတောဧရိယာ သည် စတုရန်းကီလိုမီတာ ၅ဝဝဝ ကျော် ရှိ၍ ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒီရေတောများ တည်ရှိခြင်းဖြင့် ဒေသခံပြည်သူလူထု အတွက် ထင်း၊ မီးသွေး၊ တိုင်၊ မျော၊ ဆေးဖက်ဝင်အပင်များနှင့် အခြား သစ်တောထွက်ပစ္စည်းများ ပေးစွမ်း နိုင်ခြင်း၊ ငါး၊ ပုစွန်စသည့် ရေသတ္တဝါ များ ပေါကြွယ်ဝခြင်း၊ စိုက်ပျိုးမြေများ ရေငန်ဝင်ရောက်မှုမှ တားဆီးပေးနိုင် ခြင်း၊ ကမ်းပါးပြိုမှုအား ကာကွယ်ပေး နိုင်ခြင်း၊ ဆူနာမီ၊ မုန်တိုင်း အစရှိသည့် သဘာဝဘေးအန္တရာယ်တို့မှ ကြံ့ကြံ့ခံ ကာကွယ်ပေးနိုင်ခြင်း၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဆောင်ရွက် ခြင်းဖြင့် ဝင်ငွေရရှိနိုင်ခြင်းအစရှိသည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုး ကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်၍ ဒေသခံပြည်သူများက မိမိတို့ နေထိုင်ရာဒေသ ပတ်ဝန်းကျင်ရှိ ဒီရေ တောများအား ပူးပေါင်းပါဝင်စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် ဒီရေတောများ ရေရှည်တည်တံ့၍ ကမ်းရိုးတန်း ဒေသနေပြည်သူများ၏ ဘဝလုံခြုံမှု နှင့် လူမှုစီးပွားရေးဘဝကို တိုးမြှင့် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment