အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်၍ အကြံပြုချက်များကို
ပေးပို့နိုင် ပါကြောင်း ကြေညာချက်ကို ဖတ်ရကတည်းက ပို့သင့်မပို့သင့် အကြိမ်ကြိမ် စဉ်းစားခဲ့ပါသည်။
ကျွန်တော်သည် Education Digest နှင့် Academic Weekly Journal များတွင် ပညာရေးနှင့်
ကလေးစိတ်ပညာ ဆောင်းပါးများကို လွန်ခဲ့သောနှစ်နှစ်ခန့်မှ စတင်ကာ ရေးသားလျက်ရှိသူ လူငယ်တက္ကသိုလ်နည်းပြ
တစ်ဦးဖြစ်ပါသည်။ ပြည်ထောင်စု တစ်ခုလုံးအတွက် အရေးပါသော အမျိုးသားပညာရေးဥပဒေကို လက်ရှိတက္ကသိုလ်
နည်းပြ ပေါက်စလေးမျှသာဖြစ်သော ကျွန်တော့်အနေဖြင့် လက်လွတ်စပယ် မဝေဖန်ရဲပါ။
အမှန်တိုင်း တင်ပြရပါလျှင် ကျွန်တော်သည်
ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမဆွေးနွေးပွဲမှတ်တမ်းများကို လည်းကောင်း၊ အခြားဖွံ့ဖြိုးပြီး
နိုင်ငံများမှ ပညာရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ် သမိုင်းများကို လည်းကောင်း၊ ပညာရေး
သီအိုရီများကို လည်းကောင်း၊ မီဒီယာများ အင်တာနက်စာမျက်နှာများမှ အသီးသီးဝေဖန် အကြံပြုချက်များကို
လည်းကောင်းအချိန်ယူကာ တတ်စွမ်း သမျှ လေ့လာခဲ့ပါသည်။ မိမိကိုယ်ကိုယ် များစွာသင်ယူရဦးမည့်
သင်ယူနေသူ တစ်ဦးအဖြစ်ထက် ပိုမမြင်ဝံ့ပါ။သို့သော် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး
မိမိအယူအဆတစ်ရပ်ကို ရိုကျိုးနှိမ့်ချစွာဖြင့် ပညာရေးကို စိတ်ဝင်စားမြတ်နိုးသူများကို
တင်ပြလိုက်ပါသည်။ အမှန်တွင် ထိုအချက်ကို ပညာရှင်ဆရာကြီး ဆရာမကြီးများက သိပြီးဖြစ်ပါလိမ့်မည်။
မိမိတင်ပြချက်သည် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ
ဆွေးနွေးမှုအတွက် သဲတစ်ပွင့်စာမျှသာ အထောက် အကူပြုနိုင်လျှင် ကျေနပ်ပါပြီ။ သို့သော်
ယခု အခါ အင်တာနက်စာမျက်နှာများ၊ မီဒီယာများတွင် ဆွေးနွေးနေကြ သကဲ့သို့ မည်သည်က မှန်သည်ဟု
မည်သည်ကမှားသည်ဟု အသေးစိတ်ဝေဖန်ခြင်း ပြုမည်မဟုတ်ပါ။
လောကတွင် ရေပက်မဝင် ပြီးပြည့်စုံသော ဥပဒေနိုင်ငံတိုင်းတွင်
မရှိသေး သကဲ့သို့ အလုံးစုံမှန်ကန်ပြည့်စုံသော သီအိုရီဟူ၍လည်း မရှိသေးပါ။ အားနည်းချက်၊
အားသာချက်ကိုယ်စီ ရှိနေကြသည်သာ ဖြစ်ပါသည်။ ဥပမာဆိုပြရပါလျှင် အမေရိကန်ပြည်ထောင်စုရှိ
အလယ်တန်းပညာရေး အားနည်းချက်များ၊ တစ်နိုင်ငံလုံး အတွက် စံထားစရာစနစ် တစ်ခု သတ်မှတ်ရေး
ဆွေးနွေးနေကြသော ကိစ္စ၊ ဗြိတိန်အခြေခံ ပညာကျောင်း သားများအတွက် ပြဿနာတစ်ရပ်ဖြစ်နေသော
သင်္ချာစွမ်းရည်နှင့် အဆင့်မြင့် ပညာသင်စရိတ် ဈေးကြီး သည့်ကိစ္စ စသည်ဖြင့် နိုင်ငံတိုင်းသည်
ပညာရေးတိုးတက်မှုအတွက် ဆင့်ကာဆင့်ကာ ကြိုးပမ်းနေကြရပါသေး သည်။ ချီးမွမ်းစရာ အားကျစရာများသာမက
သင်ခန်းစာယူစရာ အမှားများလည်း ကိုယ်စီရှိနေကြပါသည်။
ပညာရေးသီအိုရီများစွာရှိရာတွင်လည်း မည်သည့်ပညာရှင်၏
ပညာရေး အယူအဆပင်ဖြစ်စေကာမူ နောက်နောင် ပညာရှင်များက အသစ်သစ် ပိုကောင်းအောင်အဆင့်ဆင့်မွမ်းမံဖြည့်စွက်ကြရသည်။
လက်တွေ့ အကောင် အထည်ဖော်ရာတွင်လည်း အခြားပညာရေးသီအိုရီများကို ပစ်ပယ်မထား ကြဘဲ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ကြရသည်သာ ဖြစ်ပါသည်။
အဓိက တင်ပြလိုသောအချက်(က)
ဆွေးနွေးသူတစ်ဦးစီသည် မိမိပြောသောအရာတစ်ခုကသာ
အမှန်ဖြစ်သည်။ သူတစ်ဖက်သားက ဆွေးနွေး သမျှကို အမှားများသာဖြစ်သည်ဟု သတ်မှတ် မထားသင့်ပါ။တစ်ဖက်သား၏
ဆွေးနွေးဝေဖန်ချက်များသည် မိမိ၏ အယူအဆ ပိုမိုခိုင်မာပြည့်စုံရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့်
အချက်ကို သတိပြုမိစေ လိုပါသည်။ ဆွေးနွေးသူများက နှစ်ဖက်ညှိနှိုင်းကာ ဖြစ်နိုင်သမျှ အကောင်းဆုံး
ပြည့်စုံသောအနေအထားရှိသည့် သမူဟ အဆင့်ရောက်အောင် ပူးပေါင်းဆောင်ရွက်သွားသင့်ပါသည်။
အဓိကတင်ပြလိုသောအချက်(ခ)
အခြေအနေကောင်းတစ်ရပ်ကို အကောင်အထည်ဖော်ရန်
အခြေခံ လိုအပ်ချက်များကို လျစ်လျူရှုထားပါက ရည်မှန်း ချက်များ ပြည့်စုံအောင်မြင်နိုင်မည်
မဟုတ်ပါ။
အဓိကတင်ပြလိုသောအချက်(ဂ)
ပညာရေးအတွက် ဆွေးနွေးသူအားလုံးသည် တစ်ဖက်နှင့်တစ်ဖက်
အပြစ်ပြောဆိုခြင်း၊ တန်ဖိုးမထားပစ်ပယ်ခြင်း မပြုဖို့ အလွန် အရေးကြီးပါသည်။ အမျိုးသားပညာရေး
ဥပဒေအတွက် ဆွေးနွေးခြင်းသည် အသင်းနှစ်သင်း အနိုင်လု ကြရမည့်ပြိုင်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီးပွင့်လင်းစွာဖြင့်
ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှု အသီး အပွင့်များကို အတူတူခံစားရမည့် အနာဂတ်စံနမူနာ
တစ်ခုဖြစ်သင့်ပါကြောင်း ရိုကျိုးစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။
No comments:
Post a Comment