ရန်ကုန် မတ် ၁
စာကြည့်တိုက်ပညာဆိုင်ရာ
အတွေးအမြင်၊ အတွေ့အကြုံများ ဖလှယ်ရန်၊ စာကြည့်တိုက်မှူးများအချင်းချင်း စာကြည့်တိုက်
ဝန်ဆောင်မှုလုပ်ငန်းများ မျှဝေဆောင်ရွက်ရန် စာကြည့်တိုက်များတွင် တွေ့ကြုံနေရသော အခက်အခဲ
စိန်ခေါ်မှုများကို သိရှိနားလည်ပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့်
စာကြည့်တိုက်မှူးများအချင်းချင်း ရင်းနှီးချစ်ကြည်၍ စာကြည့်တိုက်များနှင့် စာကြည့်တိုက်မှူးများ၏
အခန်းကဏ္ဍကို
မြှင့်တင်သွားရန် စသည့်ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ
ညီလာခံကို ယနေ့တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်
မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ် UMFCCI ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ စာဖတ်သူ
တိုးတက်လာစေရေးနှင့် စာကြည့်တိုက်မှူးများ၏ အရည်အသွေး ပြည့်ဝရေးတို့နှင့် စပ်လျဉ်း၍
အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ
ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်က “ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ စာကြည့်တိုက်များရဲ့
အခန်းကဏ္ဍသည် အလွန်အရေးကြီးပါတယ်။ စာကြည့်တိုက် အခန်း ကဏ္ဍ အရေးကြီးသလို စာကြည့်တိုက် များမှာ
သက်ဝင်လှုပ်ရှား ဆောင်ရွက်ကြရတဲ့ စာကြည့်တိုက်မှူးများရဲ့ အခန်းကဏ္ဍကလည်း ပိုပြီးအဓိကကျပါတယ်။
စာကြည့် တိုက်မှူး တစ်ယောက်အနေနဲ့ ထိုင်ပြီးစာအုပ်အငှား
ပေးခြင်းကို စာကြည့်တိုက်မှူးလို့ အသိအမှတ်ပြုလို့မရပါဘူး။ စာကြည့်တိုက် မှူးများဟာ စာပေအသိပညာ
ပြန့်ပွားရေးကိုလည်း လုပ်ကိုင်ချင်စိတ်ရှိသူ၊ တီထွင်ဆန်းသစ် လိုစိတ်ရှိသူများလည်း ဖြစ်ရပါမယ်။
ဒါကြောင့် ဒီနေ့ကျင်းပတဲ့
ညီလာခံမှာ ပြည်သူများကို အသိပညာ ဗဟုသုတတိုးပွားစေရေး ပိုမိုဆောင်ရွက် နိုင်ရန် ပွင့်ပွင့် လင်းလင်းဆွေးနွေး
တင်ပြကြပါ။ မိမိတို့ဒေသမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မှန်မှန်ကန်ကန် တင်ပြခြင်းဖြင့်
တာဝန်သိသော ပြည်သူကိုအကျိုးပြုသော စာကြည့်တိုက်မှူးများ ဖြစ်နိုင်ကြပါ စေ”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ
စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း
အလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်) က စာကြည့်တိုက်မှူးများ ဆွေးနွေးရမည့် ခေါင်းစဉ်များနှင့်
ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ညီလာခံတွင် Myanmar
Book Aid & Preservation Foundation မှ
ဗဟိုအလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းက စာကြည့်တိုက်များအနေဖြင့် အဖွဲ့အစည်းများ၊ အခြားစာကြည့်တိုက်များ၊ အရပ်ဖက်
လူမှုအဖွဲ့အစည်းများ ပေါင်းစပ် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ယင်းသို့ လုပ်ဆောင်မည်
ဆိုပါက အကျိုးကျေးဇူးများ အောင်မြင်မှုများလည်း ရရှိလာမှာ ဖြစ်ပါကြောင်းစသည့် အချက်များအပါအဝင်
စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပါဝင် ကူညီမှုများ စာတမ်းအားဖတ်ကြားခဲ့ပြီး
တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးခွန်းများ မေးမြန်းခဲ့သည်။
ထို့နောက် သရပါ စာကြည့်တိုက်မှူး ဦးရဲထက်ဦးက စာကြည့်တိုက် တစ်ခုတွင် နေရာ ၊ ဝန်ဆောင်မှု၊
စာအုပ်၊ စာဖတ်သူ စသည့်လေးမျိုးတွင် အရေးကြီးဆုံးကို စဉ်းစားရန် လိုအပ်ကြောင်း။ စာကြည့်တိုက်တွင်
စာဖတ်သူ ဦးရေ တိုးတက်လာရန်အတွက် မိမိတို့ဒေသ၏ လိုအပ်ချက်နှင့်လိုလားချက်များကို ဖြည့်စွက်ဆောင်ရွက်ပေး
ရမည် ဖြစ်ကြောင်း။ စာဖတ်သူကို အာရုံစိုက်ရန်လိုသလို စာအုပ်စင်ပေါ်က စာအုပ်များကိုလည်း
အာရုံစိုက်ဖို့ လိုပါကြောင်း စသည်ဖြင့် စာကြည့်တိုက်များတွင် စာဖတ်သူများ တိုးပွားလာစေရေးစာတမ်းကို
ဖတ်ကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
စာကြည့်တိုက် လုပ်ငန်းများ
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား ညနေပိုင်းတွင် အုပ်စုများခွဲကာ ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်
ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း၊
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UMFCCI
မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံတစ်ဝန်းမှ စာကြည့်တိုက်မှူး ၄၀၀ ဝန်းကျင်တို့ တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ်စာကြည့်တိုက်မှူးများညီလာခံကို
ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့ပြီး ယခုနှစ် ညီလာခံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီးသည်။
ယခုညီလာခံကို မြန်မာနိုင်ငံ
စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသည် ၂၀၁၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး
ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင် ရေး လုပ်ငန်းများကို
ဆောင်ရွက် လျက်ရှိသည်။ ယခုအချိန်တွင် ကျေးလက်နှင့် မြို့ပြဒေသအသီးသီး၌ စံငါးချက် ညီ
စာကြည့်တိုက်ပေါင်း ၆၂၀၀ ကို ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။
ညီလာခံကို (၂) ရက်
ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် ၂၁ ရာစုတွင် အရေးပါလာသော စာကြည့်တိုက်မှူး များ၏
အခန်းကဏ္ဍ၊ စာကြည့်တိုက်များ စဉ်ဆက်မပြတ် တိုးတက်ရှင်သန်မှု စသည့်စာတမ်းများကိုလည်း စာကြည့်တိုက်
ပညာရှင်များက ဖတ်ကြားကြမည်ဖြစ်သည်။ ညနေပိုင်းတွင် စာကြည့်တိုက်မှူးများ၏ဆွေးနွေးပွဲ
ရလဒ်များအားလည်း ပညာရှင်များက ပြန်လည် သုံးသပ် ကြမည်ဖြစ်သည်။



No comments:
Post a Comment