Tuesday, March 31, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကျင်းပ




နေပြည်တော် မတ် ၃၀
 
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 



ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်၏ ချောက်မြို့နယ် အပါအဝင် မိုးနည်းရေရှား ဒေသများ၌ သောက်သုံးရေရှားပါးမှု အခက်အခဲ ကိုအထူးစီမံချက် တစ်ရပ်ချမှတ်ဖြေရှင်း ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး က စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများ အတွင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်များဖြင့် လည်းကောင်း၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီမံချက် တစ်ရပ်ရေးဆွဲ၍ လည်းကောင်း ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် အပူပိုင်း မိုးနည်း ရပ်ဝန်းဒေသ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် ၂၀၁၃-၂၀၁၄ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အထိ ရေးဆွဲထားရှိ၍ နှစ်အလိုက်ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့် ဖြေကြား သည်။
ထို့နောက် ပလက်ဝ မဲဆန္ဒနယ်မှ ဦးပိုက်လင်း၏ သိပ္ပံတွဲဖြင့် (၁၀) တန်း အောင်သူ ကျောင်းသား/သူများသည် သိပ္ပံလက်တွေ့ သင်တန်းကို အပတ်စဉ် စနေ/ တနင်္ဂနွေနေ့များအစား တစ်ပတ်နှစ်ပတ်ဆက်တိုက် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင် က အဝေးသင် သင်ကြားရေးတွင် အနီးကပ် သင်တန်းများ သင်ကြား ပို့ချခြင်း၊ သိပ္ပံ လက်တွေ့သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ စာမေးပွဲများ စစ်ဆေးခြင်း လုပ်ငန်းများကို ပုံမှန်တက္ကသိုလ်များ၏ စာသင်ခန်းများကို အသုံးပြု၍ အဆိုပါ တက္ကသိုလ် များမှ ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးလျက် ရှိပါကြောင်း၊ ပုံမှန်သင်တန်းများ နားရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေများတွင် သိပ္ပံလက်တွေ့အခန်းများကို အသုံးပြု၍ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း။
သိပ္ပံဘာသာရပ်များ၏ သဘောသဘာဝအရ သိပ္ပံလက်တွေ့ (Practical) မပြုလုပ်မီ စာတွေ့(Theory) ကို ကြိုတင် သင်ကြားပေးရပါကြောင်း၊ ယခု လက်ရှိတွင် စာတွေ့ သင်ပြီးမှ လက်တွေ့ကို (၂)ပတ်လျှင် တစ်ကြိမ်ပြု လုပ်စေခြင်းသည် သိပ္ပံ သင်တန်းသား များအတွက် ထိရောက်သော သင်ကြား ပို့ချမှုဖြစ်ပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့ အစား တစ်ပတ်၊ နှစ်ပတ် ဆက်တိုက် သင်ကြားပေးမည် ဆိုပါက စာတွေ့ ကြိုတင်လေ့လာရမည့် အချိန်မရှိတော့သဖြင့် ထိရောက်သော သင်ကြား သင်ယူမှုလည်း မဟုတ်တော့ပါကြောင်းနှင့် သိပ္ပံလက်တွေ့သင်တန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ အစားတစ်ပတ်၊ နှစ်ပတ်ဆက် တိုက်သင်ကြားပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြားသည်။

No comments:

Post a Comment