Tuesday, March 31, 2015

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်၏ ပထမဆုံး ကမ္ဘာပတ်ခရီး မန္တလေးမြို့မှ တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ ထွက်ခွာပျံသန်း




မန္တလေး မတ် ၃၀

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse-2 သည် ၎င်း၏ ကမ္ဘာပတ် ခရီးစဉ်ကို မတ် ၉ ရက်ကစတင်ခဲ့ရာမှ မန္တလေး မြို့တွင် (၁၂) ရက်ကြာ ရပ်နားခဲ့ပြီး ယနေ့ နံနက် (၃) နာရီခွဲတွင် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ ဆက်လက် ထွက်ခွာ ပျံသန်းသွား ပြီ ဖြစ်သည်။



ခရီးစဉ်တစ်လျှောက် Solar Impulse-2 ကို လေယာဉ်တည်ဆောက်သူ အင်ဒရေဘော့စ်ဘာဂ်နှင့် တွဲဖက်တည်ဆောက်သူ ဘာထရန်ပစ်ကတ်တို့ တစ်လှည့်စီ ပျံသန်း မောင်းနှင်ခဲ့ကြကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့မှ စတင်ပျံသန်းခဲ့သည့် အဆိုပါလေယာဉ်သည် မူလခရီးစဉ် အတိုင်း အိုမန်နိုင်ငံ မတ်စကပ်မြို့၊ အိန္ဒိယနိုင်ငံ အမီဒါဘတ်မြို့နှင့် ဗာရာဏသီမြို့၊ မြန်မာနိုင်ငံ မန္တလေးမြို့၊ တရုတ်နိုင်ငံ ချုံကျင်းမြို့နှင့် နန်ကျင်းမြို့၊ အမေရိကန်နိုင်ငံ ဟာဝိုင်ရီကျွန်း၊ ဖီးနစ်မြို့နှင့် နယူးယောက်မြို့၊ ဥရောပတောင်ပိုင်း (သို့မဟုတ်) အာဖရိကမြောက်ပိုင်းမှ တစ်ဆင့် ခရီးစဉ်စတင်ခဲ့သည့် အဘူဒါဘီမြို့၌ ကမ္ဘာ တစ်ပတ်ခရီးစဉ် အဆုံးသတ် မည်ဖြစ်သည်။
မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင် လေဆိပ်၌ ရပ်နားထားစဉ်အတွင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်း၊ လာရောက် လေ့လာ သူများ၏ မေးမြန်းမှု များအပေါ် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ရာ ပြည်သူများ အထူးသဖြင့် ကျောင်း သား ကျောင်းသူများ အနေဖြင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ သန့်ရှင်းသည့်ပြန်လည ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ခြင်း နည်းပညာရပ်များနှင့် တီထွင်ဆန်းသစ်မှုများကို လေ့လာစူးစမ်းသိရှိခွင့် ရခဲ့ကြပြီး စွန့်ဦးတီထွင်လိုစိတ်များ ထက်သန်ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ လေယာဉ်မထွက်ခွာမီ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် တာဝန်ရှိသူများ က လေယာဉ်မှူးများနှင့် အထောက်အကူပြု အဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
Solar Impulse-2 လေယာဉ်သည် နေ့လယ်ပိုင်းအချိန်များတွင် နေရောင်ခြည် ဖမ်းယူရရှိရန် အမြင့်ပေ ၂၈၀၀၀ အထိ တက်ရောက်ပျံသန်းရသကဲ့သို့ ညအချိန် သမုဒ္ဒရာများအပေါ် ဖြတ်ကျော်ပျံသန်းရာတွင် အမြင့်ပေါ် ၅၀၀၀ အထိမှသာ ဖြန်သန်းရမည်ဖြစ်ပြီး ခရီးစဉ်ကီလိုမီတာ ၃၅၀၀၀ (မိုင် ၂၁၇၀၀) ကို ငါးလအတွင်း ပျံသန်းချိန် (၂၅)ရက်ဖြင့် ပျံသန်းမည်ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုအရ ဇူလိုင်လအကုန် (သို့မဟုတ်) သြဂုတ်လဆန်းမှ အဘူဒါဘီ လေဆိပ် သို့ ပြန်လည်ဆင်းသက် ရောက်ရှိမည်ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံမှ တည်ဆောက်သော အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်သည် ရုပ်ကြွင်း လောင်စာဆီ အသုံးမပြုဘဲ မြန်မာနိုင်ငံမှ ဆက်လက် ထွက်ခွာသွားမှုနှင့်အတူ ကမ္ဘာကိုပတ်၍ ပျံသန်းရန် သမိုင်းတွင်မည့် ပထမဆုံး ကြိုးပမ်းချက် ခရီးစဉ်ကို စွန့်စားမှုများဖြင့် မှတ်ကျောက်တင်လိုက်ခြင်းပင် ဖြစ်သည်။

No comments:

Post a Comment