နေပြည်တော် မတ် ၆
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ်
ကြားနာခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်
ဆွေးနွေးပွဲခန်းမ၌ ဆက်လက်ကျင်းပပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ အကြံပြု
ချက်များကို ကြားနာခဲ့သည်။
အဆိုပါဥပဒေကြမ်းကြားနာရာသို့ အမျိုးသားလွှတ်တော်
ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီနှင့် ကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်
နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြပြီး
နိုင်ငံရေးပါတီ(၁၅)ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှု ဆောင်
ကော်မတီဝင်၊ ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက သက်ဆိုင်ရာပါတီများအလိုက် ကိုယ်စားပြုတက်ရောက် ဆွေးနွေးအကြံပြု
ခဲ့ကြသည်။
ထိုသို့ ကြားနာဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ယနေ့ ကြားနာခြင်းသည် ဥပဒေကြမ်းတစ်ခုဖြစ်လာရန်အတွက်
ရနိုင်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း
ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေကြမ်းကို နိုင်ငံတကာ ပညာ ရှင်များနှင့် ကုလသမဂ္ဂ
အဖွဲ့စည်းများအပါအဝင် ပတ်သက်နှီးနွှယ်သော အဖွဲ့အစည်းများနှင့် နှစ်နှစ်နီးပါး လေ့လာ
ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော်သို့ ရောက်ရှိလာသည့်အချိန်တွင်လည်း အဆင့်ဆင့်
ကြားနာ မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးမှ အမျိုးသား ပညာရေးဥပဒေ
ပေါ်ပေါက် လာခြင်းဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် ကန့်ကွက်မှုများဖြစ်ပေါ်လာပါကြောင်း၊
ထို့ကြောင့် ဥပဒေကိုပြင်ဆင်နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသားများ၏ ဆန္ဒကို
ရှေ့တန်းတင်သည့် အနေဖြင့် ပထမဦးဆုံး ကျောင်းသားများကို
ဖိတ်ကြားခဲ့ကြောင်း၊ ကျောင်းသားများ လေးလေးစားစား တက်ရောက်ခဲ့ပါကြောင်း၊ စိတ်ပါလက်ပါဖြင့်
တင်ပြလိုသည့် ကျောင်းသားများ ရှိပါကြောင်း၊ သို့သော်လည်း ၎င်းတို့၏ နောက်ဆုံးအခက်အခဲကို
တင်ပြပြီး အခြေအနေရ ၎င်းတို့ဘက်က မတက်နိုင်ကြောင်းနှင့် နောက်တစ်ကြိမ် ခွင့်ပြုချက်ရရှိပါက
တက်ရောက်လိုသည်ဟု ပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ တက်ရောက်လိုသည့် နေ့ကို
နှစ်ရက် (သို့မဟုတ်) သုံးရက် ကြိုတင်အကြောင်းကြားပေးရန်နှင့် သီးခြားအစီ အစဉ် ပြုလုပ်ပေး
မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါကြောင်း။
လွှတ်တော်အတွင်းတွင် ဥပဒေကြမ်းတစ်ခု ဆွေးနွေးရန်
ဆုံးဖြတ်ပြီဆိုပါက ဥပဒေပြုရန် လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ရပါကြောင်း၊
နိုင်ငံရေး ပါတီအသီးသီးတွင် နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊
ပညာရေးဆိုင်ရာ မူဝါဒများရှိပါကြောင်း၊ ထိုသို့ မူဝါဒများရှိကြသည့် နိုင်ငံရေးပါတီများ၏
အကြံပြုချက်များကို ရယူလို၍ ယခုကဲ့သို့ လေးလေးစားစားဖိတ်ကြားခြင်းဖြစ်ပါကြောင်း။
ဥပဒေကြမ်းကော်မတီအနေဖြင့် ဝါရင့်ပညာရှင်များ၊
ဘက်စုံအတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့်
ဥပဒေရေးရာကော်မရှင်၏ အကြံဉာဏ်ကို ရယူပြီး ဆင်ခြင်တုံ တရားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ဥပဒေကြမ်းတစ်ခု အတည်ပြုရန်အတွက် လွှတ်တော်သို့ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ပုဒ်မတစ်ခုချင်းစီအလိုက်
မဲခွဲဆုံးဖြတ်ရယူ အတည်ပြုခြင်းတို့ဆောင်ရွက်ရပါကြောင်း၊ လွှတ်တော် တစ်ရပ်က အတည်ပြုပြီးသည့်
ဥပဒေကြမ်းကို ကျန်လွှတ်တော်တစ်ရပ်သို့ ပေးပို့ရပါကြောင်း၊ ယင်းလွှတ် တော်တွင်လည်း ဆွေးနွေးခြင်းနှင့်
အတည်ပြုခြင်းတို့ ဆောင်ရွက် ပါကြောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များရှိပါက
ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး အတည်ပြု ရပါကြောင်း၊ ထို့ကြောင့် ပြီးစီးမည့်အချိန်ကို
မခန့်မှန်းနိုင်သော်လည်း ဦးစားပေးအဖြစ် မြန်မြန် ဆန်ဆန် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့်
ပြောကြားသည်။
ယင်းနောက် ကယန်းအမျိုးသားပါတီ ဗဟိုအလုပ်အမှု
ဆောင်ကော်တီဝင် ဒေါ်နော်အိန် ဂျဲလ်လာသောင်း၊ မြိုတိုင်း ရင်းသား ဖွံ့ဖြိုးရေးပါတီ(မ.တ.ဖ.ပ)ဒုတိယဥက္ကဋ္ဌ
ဦးကျော်ထွန်းခိုင်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး
ဦးအောင်မျိုးခိုင်၊ ကရင်အမျိုးသားပါတီ တွဲဖက် အတွင်းရေးမှူး-၁ ဦးမန်းမြင့်စိုး၊ မတူ
ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာ
အေးမောင်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်ဇံသာ၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်တီဝင် ဒေါ်နန်းထွေးမှုံ၊ လူ့ဘောင် သစ်
ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်တီဝင် ဦးမျိုးလွင်၊ ၈၈ မျိုးဆက် ကျောင်းသား
လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
ဒေါ်တင်နွယ်ဦး၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇင်အောင်၊ ကရင်ပြည်သူ့ပါတီ
ဗဟိုကော်မတီဝင် ဦးစောမောင် တုတ် နှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုး တက်ရေးပါတီ
အဖွဲ့ဝင် ဦးစောအုန်းတင်တို့က အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မိမိတို့ပါတီ၏
သဘောထား အမြင်များကိုအခြေခံ၍ ဆွေးနွေးအကြံပြုခဲ့ကြသည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ်
ကြားနာခြင်းကို ၂၄-၂-၂၀၁၅ ရက်စွဲပါ အမျိုးသား လွှတ်တော် ကြေညာချက်အမှတ် (၁/၂၀၁၅)ဖြင့်
ထုတ်ပြန် ခဲ့သည့် အစီအစဉ်အတိုင်း ဆက်လက် ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment