Sunday, March 1, 2015

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကျောက်တံခါးမြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများအားတွေ့ဆုံ


နေပြည်တော် မတ် ၁
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ် (၁၂) နာရီခွဲတွင် ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောက်တံခါးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ သို့ တက်ရောက်၍ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ လွှတ်တော်၊ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက က မိမိတို့နိုင်ငံတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရှိရန်လိုအပ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်း ထားသည့် အဖြေရလဒ်များကို ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက် ရန်လည်း လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး ကဏ္ဍ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူများနှင့် အမြဲထိတွေ့ ဆက်ဆံနေရမည်ဖြစ်ပါကြောင်း၊ ထိုသို့ထိတွေ့မှသာ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို သိရှိပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။
စိတ်ကောင်း စေတနာအမှန်ဖြင့် ဆောင်ရွက်သော်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ပါက စေတနာအမှား များဖြစ်သွားနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းက အောင်မြင်မှု ရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည့်ဆန္ဒသည် နိုင်ငံသားတိုင်းတွင်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်း ပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲများမထားဘဲ နိုင်ငံနှင့်နိုင်ငံ သားများအတွက် အကျိုးရှိမည့် ကိစ္စဖြစ်ပါက ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုလွှတ်တော် နာယက က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက်လာ ကြသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။

No comments:

Post a Comment