Tuesday, March 31, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံ နမ့်ငွမ်း(၁) ရေအား လျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ




ဗီယင်ကျန်း မတ် ၃၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မတ် ၃၁ ရက်နံနက်ပိုင်းတွင် လာအိုသမ္မတ ရုံးဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံ အမတ်ကြီး နှင့်ဇနီးတို့နှင့် အတူ လာအိုနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံတည်ရှိရာ  နမ့်ငွမ်း (၁) ရေအားလျှပ်စစ်စက်ရုံသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် ဗီယင်ကျန်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၉၀ အကွာတွင်တည်ရှိသည့် နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံသို့ ရောက်ရှိရာ ဗီယင်ကျန်း ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့အား နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံတွင် လာအိုနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန စွမ်းအင်မူဝါဒနှင့် စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Khamso Kouphokham က လာအိုနိုင်ငံ၏ စွမ်းအင် အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှု မြှင့်တင်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Anousak PHONGSAVATH က လာအိုတစ်နိုင်ငံလုံး ၁၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ Sunlabob Renewable Energy ကုမ္ပဏီမှ CEO Andy Schroeler က နေရောင်ခြည် စွမ်းအင်အသုံးပြု၍ လာအိုနိုင်ငံ၏ ကျေးလက်ဒေသ ရေရရှိရေးဆောင်ရွက်နေမှုကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး ဒုတိယ သမ္မတက အဆိုပါ ရှင်းလင်းချက်များအပေါ် ပြန်လည်သုံး သပ်မေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။  
ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ နှင့်အတူ နမ့်ငွမ်း(၁)ရေအားလျှပ်စစ်စက်ရုံ အတွင်းရှိ ရေအားလျှပ်စစ်ထုတ်လုပ် နေမှုအား ကြည့်ရှုလေ့လာသည်။
ထို့နောက် နမ့်ငွမ်း ဆည်ရေလှောင်ကန်အတွင်း ခရီးသွားလာမှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ထားရှိမှုအခြေအနေတို့အား ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှု လေ့လာပြီးနောက် ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးက ရေယာဉ်ပေါ်တွင် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ သည်။
လာအိုနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုအခြေအနေသည် ၁၉၉၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၁၉ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် အိမ်ထောင်စုပေါင်း၏ ၈၈ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လာအိုနိုင်ငံ၏ လူ တစ်ဦးချင်းလျှပ်စစ်သုံးစွဲမှုမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ တိုးတက်မှု ၁၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခုလက်ရှိတွင် ကီလိုဝပ်နာရီ ၄၇၀ ရှိကြောင်း၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားကို ပြည်ပသို့ တင်ပို့ရောင်း ချမှုမှ ရရှိနေကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှု၌ လျှပ်စစ်ကဏ္ဍ၏ ပါဝင်မှုကို ၁၆ ရာခိုင်နှုန်းအထိ တိုးတက်ရရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် လျှပ်စစ်ထုတ်လုပ်ရန် စက်တပ်ဆင်မှုစွမ်းအား ၃၃၂၉ မဂ္ဂါဝပ် ရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၉၅၁၄ မဂ္ဂါဝပ် အထိ တိုးတက်အောင် ရေအားလျှပ်စစ်ကို အဓိကထား၍ ဆောင်ရွက်ကာ ထွက်ရှိလာမည့် လျှပ်စစ်မှ ၈၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချသွားရန် စီမံထားကြောင်း၊ နမ့်ငွန်မြစ်ပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း(၅)ခုအနက် ယခုနမ့်ငွမ်းစက်ရုံ မှာ တစ်ခုဖြစ်ကြောင်းသိရှိရသည်။
ညပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးတို့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိသည်။


No comments:

Post a Comment