Sunday, March 1, 2015

လက်ပံတန်းမြို့ရောက် သပိတ်ပင်မစစ်ကြောင်း ဆန္ဒပြအဖွဲ့မှ (၉) ဦး ပြည်ထောင်စုလွှတ်တော် ကျင်းပနေပုံ ကြည့်ရှုလေ့လာခွင့်ပြုခဲ့

ပြည်ထောင်စုလွှတ်တော်ရုံး
သတင်းထုတ်ပြန်ချက်အမှတ်(၃/၂၀၁၅)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်
၁။         ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်ပင်မစစ်ကြောင်း ဆန္ဒပြအဖွဲ့မှ
မောင်ကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ မောင်မိုးထက်နေ၊ မောင်မင်းသွေးသစ်၊ မောင်ရဲရင့်ကျော်၊ မဟန်နီဦး၊ မောင်အောင်မှိုင်းဆန်း၊ မောင်နန္ဒစစ်အောင်၊ မောင်အောင်နေပိုင်တို့ (၉)ဦးက လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ် များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လိုပါသဖြင့် တွေ့ဆုံခွင့်ပြုပေးပါရန် ၎င်းတို့ကိုယ်စား အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တင်ပြလာပါသည်။
၂။         အဆိုပါရည်ရွယ်ချက်ကောင်းကောင်းနှင့် တင်ပြချက်အပေါ်တွင် ပြည်ထောင်စုလွှတ်တော် က စေတနာ ပါပါဖြင့် လွှတ်တော်တွင်ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ဥပဒေကြမ်းကော်မတီမှ လက်ခံတွေ့ဆုံစေ၍ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ၂၇-၂-၂၀၁၅ ရက် နေ့တွင် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
၃။         ၎င်းနောက် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပုံများကိုလည်း ကြည့်ရှုလေ့လာ ခွင့်ပြု ခဲ့ပါသည်။ ဤသို့တွေ့ဆုံလေ့လာခွင့် ရရှိစေခဲ့သည့်အတွက် ဥပဒေပြုလွှတ်တော်များ၏ ဥပဒေပြု လုပ်ငန်းစဉ်နှင့် လွှတ်တော်များ၏ ဆောင်ရွက်နေမှုကို သိမြင်ခွင့်ရရှိစေခဲ့ပါသည်။
၎။         ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ဥပဒေပြုလွှတ်တော်များသည် ပြည်သူ့ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြစ်ထွန်း စေသော၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများပြဋ္ဌာန်းရန်နှင့် ပြဋ္ဌာန်းပြီးဥပဒေများသည် တရားမျှတပြီး အများပြည်သူ အမှန်တကယ် လိုက်နာနိုင်မည့် ဥပဒေများဖြစ်စေရန် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် အဆိုပါဥပဒေများ သည် မိမိတို့နိုင်ငံက လက်ခံကျင့်သုံးလျှက်ရှိသော နိုင်ငံတကာ Convention များ၊ Treatyများနှင့် ညီညွတ်စေရန်လည်း ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ 
                       

                                                                                                                   ပြည်ထောင်စုလွှတ်တော်ရုံး

No comments:

Post a Comment