Thursday, February 19, 2015

ဥပဒေကြမ်း NNER နှင့်ကျောင်းသားများ တောင်းဆိုသည့် (၁၁)ချက်နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ပေးပို့ ထားသည့် ဥပဒေပြင်ဆင်ချက်

NNER နှင့်ကျောင်းသားများ တောင်းဆိုသည့် (၁၁)ချက်နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ပေးပို့ ထားသည့် ဥပဒေပြင်ဆင်ချက်
၁။ ဤဥပဒေကို အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂ တွင်-
(က) ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်သည်။
(ခ) ပုဒ်မခွဲ(ည)ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(ည)
ကျောင်းပညာရေးဆိုသည်မှာ နိုင်ငံတော်ကဖြစ်စေ၊ နိုင်ငံတော်အထောက်အပံ့နှင့်ဖြစ်စေ၊ ပုဂ္ဂလိကများကဖြစ်စေ စနစ်တကျဖွဲ့စည်းတည်ထောင်ထားသည့် ပညာသင်ရာနေရာဌာနများ၌ သင်ယူသူ၏ အသက်အရွယ်၊ သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည် စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသော သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားပေးသော ကျောင်းအခြေပြု မူကြို ပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် အဆင့်မြင့်ပညာရေးတို့ အကျုံးဝင်သည့် ပညာရေးကိုဆိုသည်။''
(ဂ) ပုဒ်မခွဲ (ဓ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
''(ဓ)
အဆင့်မြင့်ပညာရေးဆိုသည်မှာ အခြေခံပညာရေး၏ အမြင့်ဆုံးအဆင့် သို့မဟုတ် ယင်းနှင့်တူညီသော အဆင့် အောင်မြင်ပြီးသူများကို တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများနှင့်ယင်းတို့နှင့် အဆင့်တူညီသည့် ကျောင်းတစ်ခုခု၌ လေ့ကျင့်သင်ကြားပေးသည့် ပညာရေးကိုဆိုသည်။''
(ဃ) ပုဒ်မခွဲ (ရ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
''(ရ)
အရည်အသွေး အာမခံမှုဆိုသည်မှာ ကျောင်းနှင့် ယင်းကျောင်းရှိ သင်ကြားသင်ယူမှု အစီအစဉ်များသည် အမျိုးသား ပညာရေး မူဝါဒကော်မရှင်ကချမှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုအခြေအနေကို အမြဲမပြတ် စိစစ်အကဲဖြတ်ခြင်းဖြင့် အရည်အသွေး အဆင့်သတ်မှတ်ခြင်းနှင့်အာမခံချက်ပေးခြင်းကို ဆိုသည်။''
၃။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၊ (ဠ)၏ နောက်တွင် ပုဒ်မခွဲ(အ)၊ (ကက)နှင့်(ခခ)အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
''(အ) 
ပညာရေးဆိုသည်မှာ လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့်စိတ်ဓာတ်တို့ကို ဖွံ့ဖြိုး တိုးတက်မှု ရရှိအောင် ဆောင်ရွက်ပေးသည့် ဖြစ်စဉ်ကို ဆိုသည်။''
''(ကက) 
ရပ်ရွာပညာ ပဒေသာဌာန ဆိုသည်မှာ ကျောင်းသင်ရိုးသင် ပညာရေးဖြင့်ဖြစ်စေ၊ ကျောင်းပြင်ပ ပညာရေး ဖြင့်ဖြစ်စေ ဒေသခံပြည်သူများ ကိုယ်တိုင် စီမံအုပ်ချုပ် ဆောင်ရွက်သည့် ပညာသင် ဌာနဖြစ်ပြီး ဒေသ ဖွံ့ဖြိုးရေးနှင့် အိမ်ထောင်စု အခြေပြု သင်ယူခြင်းအတွက် ရင်းမြစ်ဌာန အဖြစ်လည်းကောင်း၊ ဒေသ အလိုက်အစဉ် သင်ယူနေသည့် လူ့အဖွဲ့အစည်းငယ်များ ဖြစ်ထွန်းလာစေရေးနှင့် သတင်းအချက် အလက်များ ဖြန့်ဖြူးရန် ဌာနအဖြစ်လည်းကောင်း တာဝန်ယူ အကောင် အထည် ဖော်ရသည့် ရပ်ကွက်သို့မဟုတ် ကျေးရွာဌာနတစ်ခုကို ဆိုသည်။''
''(ခခ) 
လူတိုင်းအကျုံးဝင် ပညာရေးဆိုသည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူများကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ ပညာဆည်းပူးခွင့် ရရှိစေရန် အခွင့်အလမ်း ဖန်တီးပေးသည့် အစီအစဉ်ကိုဆိုသည်။''
၎။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄ တွင်- 
(က)ပုဒ်မခွဲ(ဂ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
''(ဂ) 
ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မသန်စွမ်းသူ နိုင်ငံသားများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရရှိသူများကို လူတိုင်း အကျုံးဝင် ပညာရေးအရ ပညာသင်ယူနိုင်ခွင့်ရရှိရေး၊
(ခ)ပုဒ်မခွဲ(ဍ)ကို ပယ်ဖျက်ရမည်။
၅။ အမျိုးသား ပညာရေး ဥပဒေ အခန်း(၄)ကို ပယ်ဖျက်သည်။
၆။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
'' ၂၇။ ပုဒ်မ ၂၆ အရ လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့်လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရာတွင်-
(က)တက္ကသိုလ်များသည် မိမိတက္ကသိုလ်၏ သဘောသဘာဝနှင့်ကိုက်ညီသောတက္ကသိုလ်ပဋိညာဉ်စာတမ်း တစ်ခုစီကိုရေးဆွဲ ဆောင်ရွက်ရမည်။
(ခ)ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများသည် မိမိနှင့်ဆက်သွယ် ပေါင်းစည်းထားသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ရမည်။
(ဂ)ကျောင်းသားများသမဂ္ဂ၊ ယူနီယံ၊ အစည်းအရုံး၊ အသင်း၊ အဖွဲ့၊ ကောင်စီ၊ ကော်မတီစသည့် အဖွဲ့ အစည်း များကို တက္ကသိုလ်အသီးသီးတွင် လွတ်လပ်စွာဖွဲ့စည်းခွင့်ကို သက်ဆိုင်ရာကျောင်း၏ ပဋိညာဉ် စာတမ်းပါ သတ်မှတ် ချက်နှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျစွာရွေးချယ်ပြီး ဖွဲ့စည်းခွင့်ရှိသည်။
(ဃ)ဆရာများသမဂ္ဂ၊ ယူနီယံ၊ အစည်းအရုံး၊ အသင်း၊ အဖွဲ့၊ ကောင်စီ၊ ကော်မတီစသည့် အဖွဲ့အစည်းများကို ယင်းကျောင်း၏ ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များနှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်ပြီး ဖွဲ့စည်းခွင့်ရှိသည်။
(င)ဝန်ထမ်းများသမဂ္ဂ၊ ယူနီယံ၊ အစည်းအရုံး၊ အသင်း၊ အဖွဲ့၊ ကောင်စီ၊ ကော်မတီ စသည့် အဖွဲ့အစည်းများကို ယင်းကျောင်း၏ ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များနှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်ပြီး ဖွဲ့စည်းခွင့်ရှိသည်။''
၇။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၃၉ ၌ ပါရှိသော ''ကော်မရှင်သည် သင်ရိုးညွှန်းတမ်းများနှင့် စပ်လျဉ်း၍ အောက်ပါ အချက်များ ပါရှိစေရန် ကြပ်မတ် ဆောင်ရွက်ရမည်'' ဆိုသည့် စကားရပ်ကို '' သက်ဆိုင်ရာ ပညာရေး ကဏ္ဍ အသီးသီးသည် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် စပ်လျဉ်း၍ အောက်ပါအချက်များ ပါရှိ စေရန် မူဝါဒများ ချမှတ်ရမည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၈။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၁၊ ပုဒ်မခွဲ(က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
''(က) 
အခြေခံပညာရေးစနစ်၏ အဆင့်တိုင်းအတွက် အမျိုးသား ပညာရေး သင်ရိုး ညွှန်းတမ်းစံများကို ပြဋ္ဌာန်းပေးရ မည်။''
၉။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(စ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
'(စ)
ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စများကို တည်ဆဲ ဥပဒေနှင့်အညီ စီမံခန့်ခွဲနိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ ပေးရမည်။''
၁ဝ။ အမျိုးသား ပညာရေး ဥပဒေ ပုဒ်မ ၅၁ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
''၅၁။(က) မူကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေး၊ ဆရာအတတ်ပညာရေးနှင့် သင်တန်းကျောင်း အသီးသီးမှဆရာများ၏ အဆင့်နှင့်လျော်ညီသော အရည် အချင်းများကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက သတ်မှတ်ပေးရမည်။
(ခ) အဆင့်မြင့်ပညာကျောင်းများသည် မိမိတက္ကသိုလ်ဆရာများ၏အဆင့်နှင့် အရည်အချင်းများကို တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ သတ်မှတ်ပေးရမည်။''
၁၁။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၄၊ ပုဒ်မခွဲ(ဂ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
''(ဂ) အရည်အသွေး ခိုင်မာမှုအတွက် စစ်ဆေးအကဲဖြတ်ရမည့် စံချိန်စံညွှန်းနှင့် နည်းလမ်းများကို သတ်မှတ် ပေးသည့်လုပ် ငန်းစဉ်ပါဝင်ရမည်။''
၁၂။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
''၅၅။ အစိုးရအဖွဲ့သည် ပုဒ်မ ၅၄ ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီကို လွတ်လပ်သည့် အဖွဲ့ အစည်းတစ်ရပ်အဖြစ် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရမည်။''
၁၃။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
''၅၆။ (က)
တက္ကသိုလ်များသည် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အောက်ပါ အဖွဲ့ များကို ဖွဲ့စည်းဆောင်ရွက်ရမည်-
(၁) တက္ကသိုလ်များသည် မိမိတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ ၏လုပ်ငန်း ဆောင်ရွက်မှုကို ထိန်းညှိပေးရန် တက္ကသိုလ် ကောင်စီကို ဖွဲ့စည်းဆောင်ရွက်ရမည်။
(၂) ကောင်စီအတွင်းရေးမှူးသည် ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဘွဲ့ရကျောင်း သားဟောင်းများကိုယ်စားလှယ်များ၊ ယင်းတက္ကသိုလ်မှ အငြိမ်းစားယူသွားသော ဆရာများကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့ စည်းရမည်။
(၃) တက္ကသိုလ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်မည့် ကိုယ်စားလှယ်အရေအတွက်၊ အရည်အချင်း သတ်မှတ်ချက်၊ ရွေးချယ်မည့် အစီအစဉ်များကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ် စာတမ်းများတွင် တိကျ စွာရေးသား ဖော်ပြရမည်။
(၄) တက္ကသိုလ်များသည် မိမိတို့၏ သင်ကြားရေးနှင့်စီမံ ခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ အောက်ဖော်ပြပါ အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ရမည်-
(ကက) တက္ကသိုလ်ပညာရေးအဖွဲ့၊
( ခခ)တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့။
(၅) ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပံ္ပများသည် မိမိတို့၏သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ ကိုဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ရမည်-
(ကက)စီမံခန့်ခွဲရေးအဖွဲ့၊
(ခခ )ပညာရေးအဖွဲ့ခွဲ။
(ခ)နိုင်ငံတစ်ဝန်းရှိ အခြေခံပညာရေးစနစ်တစ်ခုလုံး၏ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ခွဲဝေ ဆောင်ရွက်ရမည်။
(ဂ)လွတ်လပ်စွာ ရပ်တည်သော တက္ကသိုလ်များသည်၎င်းတို့၏ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ တင်ပြ လာပါက လိုအပ်ချက်များ အပေါ်မူတည်၍ ဝန်ကြီးဌာနက ကူညီဖြည့်ဆည်းပေးခြင်း သို့မဟုတ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သင့်တော်သော အဖွဲ့ကိုဖွဲ့စည်း၍ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
၁၄။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၅၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
''၅၇။(က) 
အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်။
(ခ)ထူးခြားသောလုပ်ငန်းသဘာဝအရ အစိုးရအဖွဲ့၏ သီးခြားခွင့်ပြုချက်ဖြင့် သာသနာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ထူထောင်ဖွင့်လှစ်ထားသည့် အဆင့်မြင့်ပညာ ကျောင်းများမှ အပကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများအားလုံးသည် အမျိုးသား ပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီတို့နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရမည်။
(ဂ)ပုဂ္ဂလိက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများအားလုံးသည် အမျိုးသားပညာရေး အဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေး ကော်မတီတို့နှင့် ချိတ် ဆက် ညှိနှိုင်းဆောင်ရွက်ရမည်။
(ဃ)အဆင့်မြင့်ပညာကျောင်းများတွင် မိမိတို့၏ သင်ကြားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက် နိုင်ရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့များကို သက်ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့် အညီဖွဲ့စည်းရမည်။
၁၅။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၆ဝ ကို အောက်ပါအတိုင်း အစားထိုးရမည်-
''၆ဝ။ ဝန်ကြီးဌာနသည် ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများအား ကြီးကြပ်ရန်သင့်လျော်သော ပုဂ္ဂိုလ်များ ပါဝင်သည့် ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။''
၁၆။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၃၊ ပုဒ်မခွဲ(ခ)ကို အောက်ပါ အတိုင်းအစားထိုးရမည်-
''(ခ) ဘဏ္ဍာငွေသုံးစွဲရာတွင် သုံးစွဲပြီးစာရင်းဇယားမှတ်တမ်းများကို စေတနာရှင်နှင့် အများပြည်သူတို့ ထင်သာ မြင်သာ ရှိစေရန် ဆောင်ရွက်ရမည်။''
၁၇။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ခ)ကိုအောက်ပါအတိုင်း အစားထိုးရမည်-
''(ခ)အဆင့်မြင့်ပညာကျောင်းများသည် ကိုယ်ပိုင်ရန်ပုံငွေရှာဖွေ ထူထောင်ဆောင်ရွက်ခွင့်ရှိသည်။''
၁၈။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၆၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
'' ၆၅။(က)အစိုးရအဖွဲ့သည် -
(၁)အဆင့်မြင့်ပညာကျောင်းများ၏ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ကို တောင်းခံရန်အတွက် တာဝန်ခံဆောင်ရွက်မည့် လွတ်လပ်စွာရပ်တည်သောတက္ကသိုလ်များ ရန်ပုံငွေစိစစ်ရေးအဖွဲ့ (Universities' Grant Body)ကို သင့်တော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရမည်။
(၂)မိမိဖွဲ့စည်းထားသော ကော်မရှင်၊ ကော်မတီ၊ ကောင်စီနှင့်အဖွဲ့များ၏ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ကို ထောက်ပံ့ပေးရမည်။
(ခ)ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော ကော်မတီသို့မဟုတ် ကောင်စီသို့မဟုတ် အဖွဲ့ကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းနိုင်သည်။''
၁၉။ အမျိုးသားပညာရေးဥပဒေပုဒ်မ ၆၆ကို အောက်ပါအတိုင်း အစားထိုးရမည်-
''၆၆။ ဤဥပဒေမပြဋ္ဌာန်းမီက တည်ရှိခဲ့သော ကျောင်းအားလုံးသည် ဤဥပဒေစတင်အာဏာတည်သည့်နေ့မှ ငါးနှစ်ကာလအတွင်း ဤဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။''
၂ဝ။ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၉ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
'' ၆၉။ ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က)ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သောနည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ် နည်း၊ စည်းမျည်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
(ခ)ဤဥပဒေအရ ဖွဲ့စည်းသော ကော်မရှင်၊ ကော်မတီ၊ ကောင်စီနှင့်အဖွဲ့များ၊ ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဦးစီးဌာနများသည်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။''

No comments:

Post a Comment