Thursday, February 26, 2015

၂၀၁၅ ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲများ ဆက်လက်ကျင်းပ၊ အားကစားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းလိုက်လံ ကြည့်ရှုအားပေးပြီး Coach Association ဖွဲ့စည်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးအမှာစကားပြောကြား




နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆
၂၀၁၅ ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသားအားကစား ပွဲတော် ပြိုင်ပွဲများ အား ယနေ့နံနက် (၈)နာရီမှ စ၍ နေပြည်တော်ရှိ သတ်မှတ်ထားသည့် အားကစားကွင်း/အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း လိုက်လံကြည့်ရှု အားပေး၍ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် အားကစားသမားများအား ကျွေးမွေးမှုကို ကြည့်ရှုစစ်ဆေး၍ Coach Association ဖွဲ့စည်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် အမှာစကား ပြောကြားပါသည်။






ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မနက် (၈)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ် လျက်ရှိသော ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရောက်ရှိလာပြီး အမျိုးသား/အမျိုးသမီး မာရသွန်ပြိုင်ပွဲ ပန်းဝင် လာမှုအား ကြည့်ရှုအားပေး၍ အမျိုးသားပြေးခုန်ပစ် ဆယ်မျိုးစုံ ပြိုင်ပွဲ၌ ဆုရရှိကြသည့် တတိယဆုရ ကရင်ပြည်နယ်၊ ဒုတိယဆုရ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပထမဆုရ မွန်ပြည်နယ်မှ အားကစား သမားတို့အား ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပပြုလုပ်သော ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိလာပြီး ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းဇော် နှင့်အတူ ပြိုင်ပွဲဝင် အားကစား သမားများနှင့် ဒိုင်လူကြီးများအား လိုက်လံနှုတ်ဆက်၍ လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပါသည်။ အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစား သမားများမှ ပြည်ထောင်စု ဝန်ကြီးအား အလေးပြု၍ အားကစားသစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး အားကစား သမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ သွားပါသည်။
ဆက်လက်ပြီး ပြိုင်ပွဲကို ကျင်းပရာ အမျိုးသမီးတစ်ဦးချင်း ‘ခတ’ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ရည်နွေထွန်းနှင့် ချင်းပြည်နယ်မှ ယင်းဝှါတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစား လေ့ကျင့်ရေး စခန်းအနီးရှိ အားကစား တက္ကသိုလ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းသို့ ရောက်ရှိလာပြီး အားကစား သမားများ ကျွေးမွေးချက်ပြုတ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ် သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Multipuporse ခန်းမ၌ ကျင်းပလျက် ရှိသော Coach Association ဖွဲ့စည်းနိုင်ရေးညှိနှိုင်း အစည်းအဝေး၌ အမှာစကား ပြောကြားရာ အားကစားဝန်ကြီးဌာန တာဝန်အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် အားကစား သမား ကောင်းများရှိရန် လိုအပ်ကြောင်း၊ အားကစားသမား ကောင်း ရရှိရေး အတွက် လိုအပ်သော အခြားထောက်ပံ့ ကူညီပံ့ပိုးမှုများ အပြင် အားကစား သမားများအား အားကစားနည်းအလိုက် ငယ်စဉ်ကပင် စနစ်တကျ လေ့ကျင့်မွေးမြူ ပေးနိုင်သော နည်းပြကောင်းများအား နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးတွင် ရှိနေရေးသည် အဓိကကျကြောင်း၊ သို့ဖြစ်၍ မြန်မာ့အားကစား ပြည်နယ်နှင့်တိုင်းအနှံ့ တပြိုင်တည်း ဟန်ချက်ညီညီ တိုးတက်စေရေးအတွက် အားကစားနည်းအလိုက် နည်းပြကောင်းများ မွေးထုတ်ရန် လိုအပ်ကြောင်း ၊သို့ဖြစ်ပါ၍ အားကစားနည်းအလိုက် နည်းပြများ မွေးမြူမှတ်ပုံတင်၍ အားကစားနည်း အလိုက် နည်းပြ အသင်းအဖွဲ့များ ဖွဲ့ထား၍ Coach Association ဖွဲ့စည်းရန် ယခုလို ညှိနှိုင်းစည်းဝေး ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် Coach Association ထားရှိပြီး အားကစားသိပ္ပံ ကျောင်းများနှင့် မြို့နယ် အသီးသီးတွင် အားကစားနည်းအလိုက် နည်းပြမှတ်ပုံတင် ထားရှိရန် နည်းပြများအား အရည် အချင်း မြှင့်တင်ရေး သင်တန်းများပို့ချခြင်း၊ နိုင်ငံတကာ အားကစားအဖွဲ့ချုပ် များနှင့် ဆက်သွယ်၍ ခေတ်နှင့် အညီ အားကစားနည်းအလိုက် နည်းစနစ်များ၊ စည်းမျဉ်းဥပဒေများ၊ စုဆောင်း၍ ပြန်လည်ပြန့်ပွား စေခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ အစည်းအဝေး တက်ရောက်လာကြသူများ Coach Association ဖွဲ့စည်းရန် အကြံပြုဆွေးနွေးကြပါရန် ပြောကြား ပါသည်။
ဆက်လက်၍ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်းမှလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရုံးအဖွဲ့မှူး ဦးကျော်ဦးမှ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်မှ လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊ ညွှန်ကြားရေးမှူး (ဆေးဘက်ဌာန) ဒေါက်တာမြလေးစိန်မှ လည်းကောင်း အသီးသီးအကြံပြုဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment