Thursday, February 12, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် (၁၁)နာရီခွဲတွင်  မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာ ရှေးဦးစွာ နိုင်ငံရေး ပါတီများမှ အကြီးအကဲများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက် စကားပြောကြားရာ၌ ယနေ့ မိမိတို့ တိုင်းပြည် အတွက် အလိုအပ်ဆုံးမှာ ပြည်တွင်း ငြိမ်းချမ်းရေးပင် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒ၊ လိုလား တောင့်တမှုမှာ ငြိမ်းချမ်းရေးပင် ဖြစ်သည်ကို အားလုံးလက်ခံ ကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးရရှိလာသည့် အဖြေများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှုနှင့် စည်းလုံးမှုအရ အဘက်ဘက်က ချို့ယွင်းချက် ရှိနေသည့် နိုင်ငံတွင် အမြင် သဘောထားများ၊ ရပ်တည်ချက်များ အမျိုးမျိုးရှိကြပါကြောင်း။
အခက်အခဲများ၊ စိန်ခေါ်မှုများ အမျိုးမျိုး ရှိသော်လည်း ငြိမ်းချမ်းရေး ရလိုသည့် သဘောထားမှာ အဖွဲ့အစည်း အသီးသီးတွင် ရှိနေသည့် တူညီသည့် အချက် ဖြစ်သောကြောင့် ရိုးသား ဖြောင့်မှန်မှု၊ ယုံကြည်မှုများဖြင့် ကျော်လွှားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးနည်း အရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် လမ်းစဉ်အပေါ်တွင် အခြေခံရမည် ဖြစ်သည့် အတွက် ရေရှည် ခရီးဆက်ရမည့် ခရီးစဉ် ဖြစ်သည်ကို အားလုံး သဘောတူ လက်ခံထားကြ ပြီးဖြစ်ပါကြောင်း၊ သို့သော် လေးနှစ်တာ ကာလ ရှိလာပြီ ဖြစ်သည့်အတွက် မိဘပြည်သူများ၏ ယုံကြည်မှုနှင့် ပြည်သူများ၏ မျှော်လင့်ချက်များ မဆုံးရှုံးစေရန် မိမိတို့ အားလုံးက လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ယနေ့ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးရေးနိုင်ရန် ကြိုးစားခဲ့ ကြပါကြောင်း၊ လက်မှတ် ရေးထိုးနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့သော်လည်း ပြည်သူများ၏ မျှော်လင့်ချက် မဆုံးရှုံးရအောင် နိုင်ငံရေး ဆွေးနွေးပွဲများကို မဖြစ်မနေ လုပ်မည်ဆိုသည့် ကတိကဝတ် တစ်ခုကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိကဝတ် တစ်ခုကို လက်မှတ် ရေးထိုးနိုင်ကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါကြောင်း၊ အားလုံးကလည်း ပြည်သူများ၏ မျှော်လင့်ချက် မဆုံးရှုံး စေကြလိုပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ အနေဖြင့် အားလုံးကဝိုင်းဝန်းပြီး ထောက်ခံပေးကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြည်သူများ လိုလားကြသည့် ငြိမ်းချမ်းရေးကို ရရှိအောင် စိတ်ကောင်း စေတနာမှန်များဖြင့် ဆောင်ရွက်ခဲ့သည့် အတွက် ယနေ့ အစီအစဉ်အထိ ရောက်ရှိသည်ဟု ပြောရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ ရရှိထားသည့် အခြေအနေမှသည် တကယ့် ငြိမ်းချမ်းရေး ပန်းတိုင် ရောက်ရှိအောင် မိမိတို့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသား အားလုံး ဆက်လက် လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားလိုပါကြောင်း။
ငြိမ်းချမ်းရေး လိုလားမှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် မိမိတို့ လွှတ်တော်က ထောက်ခံ အားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ထိုနည်းတူစွာပင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေသော  အပြောအဆို၊ အပြုအမူများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူမျိုးကို မိမိတို့ လွှတ်တော်၊ ပြည်သူ့ကိုယ်စားလှယ်များက လက်ခံလိုသည့် သဘောမရှိပါကြောင်း။
ယနေ့ တွေ့ဆုံပွဲမှ တစ်ဆင့် မိမိတို့ တကယ် လိုလားသည့် ငြိမ်းချမ်းရေး ရရှိစေရန် အတွက် အဖွဲ့အစည်းများ၊ ညီအစ်ကို မောင်နှမများ အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုတွင် ပါဝင်ပေးကြ စေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အလားတူ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မိမိတို့နိုင်ငံတွင် လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ အယူဝါဒ ကွဲပြားမှုကြောင့် တစ်ကြောင်း၊ ပြည်တွင်း စစ်ကြောင့် တစ်ကြောင်း တိုင်းပြည် နစ်နာခဲ့ရသည်ကို တွေ့ရပါကြောင်း။
ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အင်တိုက် အားတိုက် ကြိုးစားနေခြင်း ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး လမ်းကြောင်းဖြင့် ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ကြာရှည်သည့် ပဋိပက္ခများ ရှိနေခြင်းသည် မသင့်တော်သည့် အနေအထား ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်ကြီးများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများမှ ကိုယ်စားလှယ်များက ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပထမနေ့ ဆွေးနွေးခဲ့ကြသည့် အချက်များကို ကြည့်လျှင် ငြိမ်းချမ်းရေးကို လိုလားပြီး ငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်များကို အသိအမှတ် ပြုသည်ကို တွေ့ရှိရသည့် အတွက် တူညီသည့် ဆန္ဒရှိသည်ကို သိရှိရပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ငြိမ် အေးချမ်းမှု ရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး တံခါးပေါက် ဖွင့်နိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး တာဝန်ရှိသူ အားလုံးက တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အထောက် အကူပြုစေမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် (Deed of Commitment for Peace and National Reconciliation) ကို လက်မှတ် ရေးထိုးရန် အတွက် ဆွေးနွေးခဲ့ကြပြီး ထိုငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများက ကန့်ကွက်သူမရှိ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး (၁၄)ဦး၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ အပါအဝင် လွှတ်တော် ကိုယ်စားပြု (၅)ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော ကိုယ်စားပြု(၃)ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကရင် အမျိုးသား အစည်းအရုံး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး (၂၉)ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် (၅၅)ဦးတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ကတိပြုချက်ပါ အချက်အလက်များကို လက်ခံသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေး အတည်ပြုပြီးမှသာ ဆက်လက် ပါဝင်လက်မှတ် ရေးထိုးသွားကြမည် ဖြစ်သည်။
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို လက်မှတ် ရေးထိုးနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စုံညီစွာဖြင့် ငြိမ်းချမ်းရေး အပေါ်တွင် ထားရှိသည့် စိတ်ရင်းစေတနာမှန်နှင့် ဆန္ဒပြင်းပြမှုကို ခိုင်မာစွာ သက်သေပြ နိုင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် သွားကြရန်ဟူသည့် နိုင်ငံရေး အာမခံချက်ကို သဘောတူ နိုင်ခဲ့သည့် အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် သမိုင်း တစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ ရရှိခဲ့ဖူးခြင်းမရှိသော အောင်မြင်မှု မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ (၆၂)ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

No comments:

Post a Comment