Thursday, February 12, 2015

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်



ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်ကို လက်မှတ် ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကို အခြေခံ၍ အောက်ပါ ကတိပြုချက်များကို ပြီးစီး အောင်မြင်သည် အထိ မပျက်မကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိာန် ပြုကြပါသည်။

(၁)        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လက်ရှိ ဖြစ်ထွန်းနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုမူတည်၍ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှုလျက် ပင်လုံ စိတ်ဓာတ် နှင့်အညီ နိုင်ငံသား အားလုံး၏ လွတ်လပ်မှု၊ အမျိုးသား တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင် ပြာန်းခွင့်တို့ ပါဝင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။
(၂)        တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသည် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးတွင် အဓိကကျသည့် ကိစ္စဖြစ်သည့် အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA Nationwide Ceasefire Agreement) ကိုအမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရေးဦးစွာ ဆောင်ရွက်ရန်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် ထူထောင်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံး ပါဝင်ခွင့်ရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အလျင်အမြန် ကျင်းပနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန်။
(၄) တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် စာချုပ် (NCA -Nationwide Ceasefire Agreement) အပြီးသတ် လက်မှတ် ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံး ရေးဆွဲခြင်းနှင့် သဘော တူညီသည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်နှင့် အညီပဏာမ နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ မတိုင်မီ ကျင်းပနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန်။
(၅) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် လုပ်ငန်းစဉ်များ ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှစ်ဖက်တပ်များ ထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည့် အရေးယူ ဆောင်ရွက်ခြင်းများ မပြုလုပ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန်။
ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်ကို လက်မှတ် ရေးထိုးကြသူ အားလုံးသည် နိုင်ငံသား အားလုံး လိုလားလျှက်ရှိသော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ရေး အတွက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အောင်မြင်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရန် ကတိသစ္စာ ပြုကြပါသည်။
နေပြည်တော်
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်

No comments:

Post a Comment