နေပြည်တော်
ဖေဖော်ဝါရီ ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် (၁၀)နာရီတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရာ ရှေးဦးစွာ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက် စကား
ပြောကြားရာတွင် ယနေ့သည် မိမိတို့ တိုင်းရင်းသား အားလုံးအတွက် လွန်ခဲ့သည့် နှစ်ပေါင်း
(၆၀) ကျော်က တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကြောင့် ရရှိခဲ့သည့် အဖိုးအနဂ္ဃ ထိုက်တန်သော
လွတ်လပ်ရေးကို ဖော်ညွှန်းပြသည့်၊ ငြိမ်းချမ်းရေး ဟူသည့် တန်ဖိုး ကြီးမားလှသော ရတနာကို
ရရှိရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ စည်းလုံး ညီညွတ်မှုမှာ
အရေးကြီးကြောင်းကို ဖော်ညွှန်းပြသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ လက်ထက်တွင်
စတင် ကြိုးပမ်းခဲ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်သည် နိုင်ငံရေး အာမခံချက်
ရှိသည့် လုပ်ငန်းစဉ်တစ်ခု အဖြစ် တဖြည်းဖြည်း အကောင်အထည် ပေါ်လာပြီ ဆိုသည်ကို မည်သူမျှ
ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါကြောင်း။
ယခင်က ရန်သူကဲ့သို့ သဘော ထားခဲ့ကြသည့် မိမိတို့သည်
ယနေ့တွင် ညီရင်း အစ်ကိုမခြား တစ်သားတည်း ယခုကဲ့သို့ တွေ့ဆုံနိုင်ခြင်းသည် ငြိမ်းချမ်းရေး
အတွက် မျှော်လင့်ချက်ကို သက်သေပြနေသည့် နိုင်ငံရေး အာမခံချက်တစ်ခု ဖြစ်ပါကြောင်း၊ သို့သော်လည်း
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် ကို လက်မှတ်ရေးထိုးနိုင်ရန်
ကြန့်ကြာ နေခြင်းသည် ငြိမ်းချမ်းရေးကို လိုလားသည့် ပြည်သူ များအတွက် စိုးရိမ်ပူပန်မှု၊
သံသယဖြစ်မှုများ ပျောက်ကွယ် သွားစေရန် အတွက် ယုံကြည်မှု တစ်ခုခုကို တည်ဆောက် ပေးကြရန်
လိုအပ်ပါကြောင်း၊ တိုင်းရင်းသား အားလုံး သက်ဆိုင်သည့်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရန်
အကြောင်းကြောင်းကြောင့် ကြန့်ကြာနေခြင်းအပေါ် ပြည်သူများ စိုးရိမ် ပူပန်မှုမရှိစေရန်နှင့်
မျှော်လင့်ချက် ပျက်ပြယ် မသွားစေရန် အတွက် ကတိကဝတ် တစ်ခုကို ပြည်သူများ အားပေးကြရမည်
ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
စာချုပ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲကို အထောက် အကူပြုစေမည့် ကတိကဝတ် တစ်ခုကို လက်မှတ်
ရေးထိုးကြရန် အတွက် မနေ့တစ်နေ့က တိုင်းရင်းသား အဖွဲ့အစည်းအချို့၏ ခေါင်းဆောင်များက
တိုက်တွန်းခဲ့သည့် အတွက် မိမိအနေဖြင့် ဝမ်းမြောက်စွာ လက်ခံခဲ့ပါကြောင်း၊ မိမိကဲ့သို့
ယခု တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အားလုံးကလည်း လိုလားကြမည်ဟု
မျှော်လင့်ပါကြောင်း၊ ယင်းကတိကဝတ် တစ်ခုမှာ မိမိတို့ လက်တွဲ ကြိုးပမ်း ဖော်ဆောင်နေသည့်
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြစ်စေသည်ဟု မိမိ သဘောထားကို ပြောကြား လိုပါကြောင်း၊
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးနိုင်ခြင်း
မရှိသေးသော်လည်း ကတိကဝတ်သည် ပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်နေစေမည်ဟု
ပြောကြား လိုပါကြောင်း၊ သို့ဖြစ်၍ ယခု ကတိကဝတ်ကို တိုင်းရင်းသား ခေါင်းဆောင်များက ယုံယုံ
ကြည်ကြည်ဖြင့် လက်မှတ် ရေးထိုးကြရန် တိုက်တွန်း လိုပါကြောင်း၊ ကတိကဝတ်သည် စာချုပ်မဟုတ်ဘဲ
လေးနက်သည့် ကတိ ဝန်ခံချက်သာ ဖြစ်ပါကြောင်း၊ မကြာမီတွင်လည်း လာမည့် နိုင်ငံရေး ဆွေးနွေး
ပွဲများ၌ နိုင်ငံရေး အဖွဲ့အစည်းများသည် မိမိတို့၏ မိတ်ဖက်၊ နိုင်ငံရေး ဆွေးနွေးဖက်များ
ဖြစ်လာမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယခုကဲ့သို့ ကြုံကြိုက်ခဲသည့်
ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ် တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး
ကတိပြုချက်ကို လက်မှတ်ရေး ထိုးနိုင်ခြင်းသည် မိမိတို့အတွက် သမိုင်းမှတ်တိုင် ဖြစ်ပြီး
ယင်းကို အမိအရ ဆုပ်ကိုင်ကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကရင် အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်
ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော်၊ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်
အထူး ဒေသ-၂၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော်၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး
အဖွဲ့ချုပ်တို့က ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏
သဘောထား အမြင်များကို ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး
တည်ဆောက်နေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက နိဂုံးချုပ် အမှာစကား
ပြောကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေးသွားသည့် အတွက် ကျေးဇူး တင်ရှိပါကြောင်း၊
ပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြသည် ဖြစ်ရာ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ပြည်သူများသို့ မျှော်လင့်ချက်များ
ပေးခဲ့ပါကြောင်း၊ ထိုသို့ လက်မှတ် ရေးထိုးနိုင်ရန် အတွက် အချို့ အဖွဲ့အစည်းများ အနေဖြင့်
ခက်ခက်ခဲခဲကြိုးစားခဲ့ကြ ပါကြောင်း၊ အစိုးရသက်တမ်း ကာလ လေးနှစ်သို့ ရောက်ရှိပြီဖြစ်သည့်အတွက်
နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ငြိမ်းချမ်းရေး တံခါးကိုဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊
ငြိမ်းချမ်းရေး ဖြစ်စဉ်သည် တစ်နေ့တစ်ရက်တည်းဖြင့် မပြီးနိုင်ဘဲ ခရီးရှည်သွားရမည့်ကိစ္စ
ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယနေ့ လက်မှတ်ရေးထိုးနိုင်ရေးအတွက်
အားလုံးက သဘောတူကြသော်လည်း အချို့အဖွဲ့များ၏ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ပြန်လည် ညှိနှိုင်းရန်
ရှိသည်ဟု ဆွေးနွေးမှုအပေါ် နားလည်ပါကြောင်း၊ ယခု လက်မှတ်ရေးထိုးရန် ကိစ္စသည် သဘော တူညီချက်
သဘောမျိုး မဟုတ်ဘဲ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် လေးနက်မှု ရှိစေသည့် သဘောသာ
ဖြစ်ပြီး ပြည်သူသို့ အသိပေးလိုခြင်း ဖြစ်ပါကြောင်း။
သို့ဖြစ်၍ အများဆန္ဒနှင့်အညီ ဆက်လက် ညှိနှိုင်း
လုပ်ဆောင်သွားနိုင်ရေး အမြန် ပြီးမြောက်အောင် ဆောင်ရွက် စေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယနေ့တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒုတိယရှေ့နေချုပ်၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ (၁၃)ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
No comments:
Post a Comment