အမျိုးသားပညာရေး
ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့်လေးပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်
ဆိုင်ရာ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေး
ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌
ကျင်းပသည်။
ယနေ့
ဆွေးနွေးပွဲကို အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပရာ ပထမပိုင်း အစီအစဉ်အဖြစ် နိုင်ငံတော်အစိုးရအဖွဲ့မှ
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းနှင့်
တာဝန် ရှိသူများ၊ ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီအကြံပေးအဖွဲ့ဝင်များ၊
ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု
ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စား လှယ်များက ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့်
လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် မူအားဖြင့် သဘောတူညီခဲ့သော အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက်
အခန်းတစ်ခန်းချင်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အချက်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
ရှေးဦးစွာ
ယနေ့ဆွေးနွေးပွဲ၌ Moderator အဖြစ်ဆောင်ရွက်သူ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က အဖွင့်အမှာစကား
ပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲတွင် မေတ္တာနှင့် စေတနာကိုရှေ့ထားကာ ဆွေးနွေး ကြစေလို
ပါကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက် တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသောရလဒ်ကို သန်း ၅ဝ ကျော်သော
ပြည်သူလူထုက ကျေနပ်ကြပါကြောင်း၊ ယင်းအောင်မြင်မှုသည် ပြည်သူအားလုံး၏ အောင်မြင်မှု ဖြစ်ပါကြောင်း၊
နားလည်မှုအပြည့်ဖြင့် ဆွေးနွေးပေးကြသည်မှာ ကျေးဇူးတင်စရာဖြစ်ပါကြောင်း၊ လူငယ်များ၏ တက်ကြွမှု၊
လူကြီးများ၏ရင့်ကျက်မှု၊ ပညာရှင်များ၏အသိများနှင့် ပေါင်းစပ်လိုက်ပါက မိမိတို့နိုင်ငံအနာဂတ်
လွန်စွာ လှပမည်ဖြစ်ပါကြောင်း၊ မူကြမ်းရပြီးပါက ဥပဒေ ပြင်ဆင်ရေး အပိုင်းများကို ဆွေးနွေး
ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တစ်တိုင်းပြည်လုံး
မျှော်လင့်နေသာ ဥပဒေအသစ် ဖြစ်သည့်အတွက် အဘက်ဘက်ကပြည့်စုံအောင် စဉ်းစား ဆောင်ရွက်သင့်ပါကြောင်း၊
ယုံကြည်မှုတည်ဆောက်ရန်မှာ အချိန်များစွာ ယူရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊
ယုံကြည်မှုတို့ဖြင့် ဆောင်ရွက်ကြရန် ပန်ကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
Moderator အဖြစ်ဆောင်ရွက်သူ ဒေါက်တာကျော်သူက အားလုံးကတိကဝတ်ပြုထားသည့်အတိုင်း သဘောတူညီချက်များကို
အောင်မြင်အောင် ဆက်လက်ဆွေးနွေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယပိုင်းအစီအစဉ်အဖြစ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး
ဦးလှထွန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကိုကိုဦးနှင့် ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ
ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး မြှင့်တင်မှု
အကောင် အထည်ဖော်ရေး ကော်မတီအကြံပေးအဖွဲ့ဝင်များ၊ ပညာရေးပြုပြင် ပြောင်းလဲမှု နိုင်ငံလုံး
ဆိုင်ရာကွန်ရက်နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
ဆွေးနွေး
ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားရာတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်
ဥပဒေမူကြမ်းထွက်ပေါ်လာရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြပါကြောင်း၊
ဥပဒေမူကြမ်းရရှိပြီးဖြစ်၍ ကျောင်းသားများက တောင်းဆိုထားသည့်အချက်များ အဆင့်လိုက် ဆောင်ရွက်ပေးမှုကြောင့်
ကျေနပ်အောင်မြင်မှုများ ရရှိနေပြီဟု ဆိုနိုင်ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံရေး ကျင့်စဉ်နှင့်အညီ
တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု၏ အောင်မြင်မှုရလဒ်ကောင်းများဖြစ်ပါကြောင်း၊ တောင်းဆိုချက်များအား
ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ သပိတ်စစ်ကြောင်းများအနေဖြင့် အောင်မြင်မှုကို ပိုက်လျက်
လက်ရှိနေရာများမှ သက်ဆိုင်ရာဒေသများသို့ ငြိမ်းချမ်းစွာ ပြန်လည် သွားရောက် နိုင်ပြီဖြစ်ပါကြောင်း၊
မကြာမီ ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲရာသီရောက်ရှိလာပြီဖြစ်၍ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်
ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အမျိုးသားပညာရေးဥပဒေကြမ်းအား လွှတ်တော်သို့အမြန်ဆုံးတင်ပြ၍
အတည်ပြုနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက်
သက်ဆိုင်ရာအဖွဲ့များက တင်ပြဆွေးနွေးခဲ့ကြပြီး ပူးတွဲထုတ်ပြန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက်
သက်ဆိုင်ရာ Working Group များ၏ ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ဖေဖော်
ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ထပ်မံ၍ အပြီးသတ်ရေးသားပြုစုရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment