Sunday, February 15, 2015

ငြိမ်းချမ်းရေးကိစ္စတွင် နည်းလမ်းမျိုးစုံမှစဉ်းစားပြီး ဖြစ်နိုင်ဖွယ်ရာအားလုံးကို လိုက်လျောဆောင်ရွက်နေ

နေပြည်တော် ဖေဖော်ဝါရီ ၁၄
ယနေ့ဒီမိုကရေစီလမ်းကြောင်းကို အားလုံးလျှောက်လှမ်း နေချိန်တွင် တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်း၊ အလားတူ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများနှင့်လည်း ထိတွေ့ဆက်ဆံရမည်ဖြစ်ပါကြောင်း၊ ယခင်က တပ်မတော်၏



သဘောအရပြောသင့်ပြောထိုက် သည်များကို သာပြောခြင်းကြောင့် သတင်းထုတ်ပြန်ရာတွင် ပြည်သူကမသိရှိသည်များ၊ အချက်အလက် မပြည့်စုံမှုများ၊ နားလည်မှုလွဲမှားခြင်းများရှိခဲ့ပါကြောင်း၊ ယခု သတင်း မီဒီယာနှင့် တပ်မတော် ထိတွေ့ ဆက်ဆံမှုများကြောင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မီဒီယာ များမှတစ်ဆင့် ပိုမိုပျံ့နှံ့စွာ သိရှိစေပါကြောင်း၊ မီဒီယာ အပိုင်းတွင်လည်း သဘောထား ပြောင်းလဲလာမှုများ တွေ့ရှိရပါကြောင်း၊ တပ်မတော် နှင့်မီဒီယာများအကြား သတင်းထုတ်ပြန်မှုဆိုင်ရာများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ် ရေးဦး စီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင်ကိစ္စနှင့်ပတ်သက်၍ အနည်းငယ် ရှင်းလင်းပြောကြားလိုကြောင်း၊ ၂ဝဝ၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက်ထုတ်လုပ်မှုသတင်းများရရှိ ခဲ့ကြောင်း၊ ယင်းကိစ္စအားစိစစ်ရာ ကိုးကန့်ဒေသရှိ ခေါင်းဆောင်များမှ မဟုတ်မှန်ဟု ငြင်းဆိုခဲ့ကြောင်း၊ မိမိတို့ မှ လက်နက်စက်ရုံနေရာ၊ ဓာတ်ပုံအထောက်အထားများ ထပ်မံရရှိ၍ မေးမြန်းသော်လည်း ဆက်လက်ငြင်းဆိုခဲ့ ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စေလွှတ်၍ စစ်ဆေးရန်ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့သည် Law Enforcement Person ဖြစ်၍ နိုင်ငံတကာ တွင်လည်း ယင်းသို့ဖမ်းဆီးမှုမျိုးအား ခွင့်ပြု နိုင်ခြင်းမရှိ သဖြင့် တပ်မတော်က ဝင်ရောက်ရှင်းလင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များတွင် လက်နက်ကြီး မျိုးစုံ ခုနစ်လက်၊ လက်နက်ငယ်မျိုးစုံ ၁၆၈၇ လက်၊ မိုင်းမျိုးစုံ ၇၉ဝ၄ လုံး၊ ခဲယမ်းမျိုးစုံ ၁၈၇၇၇၈၁ တောင့်၊ မူးယစ်ဆေးပြား ၁၅၇၄ဝဝ ကျော်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ဖုန်ကြားရှင်နှင့်အဖွဲ့သည် ဖမ်းဆီးထားသည့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအား ရက်စက်စွာ သတ်ဖြတ်၍ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၎င်းမှတစ်ဆင့် အထူးဒေသ-၄ မိုင်းလားတွင် သွားရောက် ခိုလှုံခဲ့ကြောင်း၊ လောက်ကိုင်ဒေသတွင် ၂ဝဝဝ ပြည့်နှစ် ကာလခန့်က ကိုးကန့်အဖွဲ့အတွင်း ဖုန်ကြားရှင်နှင့် ရန်မိုးလျံ အာဏာလုမှုပြဿနာများရှိခဲ့ကြောင်း၊ ယင်းဒေသ၌ တရားဥပဒေစိုးမိုးမှု လွန်စွာ အားနည်းခဲ့ပြီး အထူးသဖြင့် လူများဖမ်းဆီးမှု၊ ပြစ်ဒဏ်စီရင်မှုများတွင် ဥပဒေနှင့်ညီညွတ်မှု လုံးဝမရှိကြောင်း၊ ဖုန်ကြားရှင်သည် လောက်ကိုင်ဒေသ၌ အာဏာရှိခဲ့သည်ကို မစွန့်လွှတ်လိုသဖြင့် ၂ဝ၁၃ ခုနှစ်ခန့်မှ စတင်၍ အင်အားပြန်လည် စုစည်းတည်ဆောက်မှု သတင်းများရရှိခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံ နယ်စပ်ဒေသမှ လူမျိုးတူနှင့် ယင်းတို့၏ စစ်မှုထမ်းဟောင်းအချို့အပါအဝင် လောက်ကိုင်ဒေသသို့ ဝင်ရောက်ခဲ့မှုများရှိကြောင်း၊ ၎င်းတို့ သည် လောက်ကိုင်ဒေသတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် ကြံ၊ လက်ဖက်၊ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းများ၊ စီးပွားရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း တို့တွင် လုပ်သားများအဖြစ် ဝင်ရောက်လာခြင်းဖြစ်ကြောင်း။
ထို့နောက် ယင်းကိုးကန့် တိမ်းရှောင် အင်အားစုများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အခြားလက်နက်ကိုင် အင်အားစုများနှင့်ပူးပေါင်းပြီး စုဖွဲ့လှုပ်ရှားမှုများပြုလုပ်လာကြောင်း၊ ဒေသခံများ၏ သတင်းပေးချက်အရ ယင်းလှုပ်ရှားမှုများသည် ယောင်ပြသာဖြစ်ပြီး အဓိကရည်မှန်းချက်မှာ လောက်ကိုင်အား တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်ကြောင်းကို သတင်းများရရှိခဲ့ပါကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် တောက်ရွှေကျေးရွာ ပြည်သူ့စစ်တို့ထံမှ လက်နက်ရှစ်လက် သိမ်းယူသွားခဲ့ရာ တပ်မတော်က လိုက်လံရှင်းလင်းစဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ လေကြောင်းပစ်ကူများ ဆောင်ရွက်ခဲ့ရပြီး ထိခိုက်ကျဆုံးမှု များလည်း ရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်ထိခိုက်မှု အသေး စိတ်အခြေအနေကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် သတင်း ထုတ်ပြန် ထားပါကြောင်း၊ လောက်ကိုင်ဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတစ်ခုအား တိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော်အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း၊ လုံးဝလျှော့၍ မရကြောင်း။
မိမိတို့ရရှိထားသော အထောက်အထားများအရ လောက်ကိုင်ဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ ပါဝင်မှုများရှိနေ၍ ယင်းအတွက်လည်း သက်ဆိုင်ရာအဖွဲ့များအနေဖြင့် တာဝန်ယူရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးရန် ကြိုးစားခဲ့ကြောင်း၊ မိမိကိုယ်တိုင်လည်း အဆိုပြုတင်ပြခဲ့ကြောင်း၊ ယင်းမှာ လက်နက်ချရန် ပြောခြင်းမဟုတ်ကြောင်း၊ အပစ်အခတ် ရပ်စဲပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်း ရာတွင် DDR လုပ်ငန်းစဉ်အတိုင်း သွားရမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA လက်မှတ်မထိုးနိုင်ဘဲ ဆက်လက်လုပ်ဆောင်မည့် ကတိကဝတ်သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် ရပ်နေ၍မရကြောင်း၊ မိမိတို့က နောက်ကျနေသဖြင့်အခြားသူ များထက် သာအောင် လှမ်းနိုင်မှ အမီလိုက်နိုင်မှာဖြစ်ကြောင်း။
ငြိမ်းချမ်းရေးကိစ္စ လက်မှတ်ရေးထိုးရန် အများက ဆန္ဒရှိပါကြောင်း၊ မိမိတို့ကလည်းငြိမ်းချမ်းရေးကိစ္စတွင် နည်းလမ်းမျိုးစုံမှ စဉ်းစားပြီး ဖြစ်နိုင်ဖွယ်ရာအားလုံးကို လိုက်လျောဆောင်ရွက်နေပါကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ် သဘော အစည်းအဝေး(ACDFIM) အာဆီယံတပ်မတော် များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပါကြောင်း၊ ယင်းအစည်းအဝေးကိုလည်း အလွတ်သဘော အစည်း အဝေးမှ တရားဝင်အစည်းအဝေးဟု ပြောင်းလဲရန် အဆိုပြုကြပါကြောင်း၊ ၂ဝ၁၆ ခုနှစ် ACDFIM အစည်း အဝေးအား လာအိုနိုင်ငံတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်းသတင်းရရှိသည်။

No comments:

Post a Comment