Friday, February 6, 2015

၂၀၁၅ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ၊ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတက်ရောက် အမှာစကားပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီလ ၆        
နွေရာသီအခြေခံအားကစား သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရုံး အမှတ်(၃၁)ရှိ အားကစားဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။အဆိုပါ အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပါသည်။


ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ်၊ နွေရာသီခြေခံအားကစား သင်တန်းများကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရတဲ့ ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ နွေရာသီသင်တန်း တက်မည့် လူငယ်အများစုသည် ကျောင်းများမှသာ ရှိသည့်အတွက် အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်သည့် အစီအစဉ်အဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာကဏ္ဍ အသီးသီးမှ ကျောင်းသားလူငယ် အင်အားများကို စုစည်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ နိုင်ငံတော်အတွက် သွေးသစ် အားကစားသမားများ အလားအာရှိသော အားကစားသမားများထွက်ပေါ်လာနိုင်မှာဖြစ်ကြောင်း၊ နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရေရှည်ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ကျောင်းများမှာ စာပေပညာတွင် သာမက ကျန်းမာသန်စွမ်းသော ကျောင်းသား/သူများ မွေးထုတ် ပေးနိုင်ရန် အတွက် ကလေးသူငယ်များ ကာယ၊ ဉာဏ်တပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မကြာမီ အချိန်အတွင်း တစ်နိုင်ငံလုံးရှိ အလယ်တန်းကျောင်းများ၊ အထက်တန်းကျောင်းများတွင် အားကစားနည်း(၁၁)မျိုးကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းများ ဖွင့်လှစ်ပေးမည့် မြို့များ၊ ခရိုင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သင်ကြားပြသမည့် ဆရာ/ ဆရာမများအား အားကစား ဝန်ကြီးဌာနမှ ဆင့်ပွား သင်တန်းများကို ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ ယခုနွေရာသီ အခြေခံအားကစား သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပေးလျှက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ကျော်ငးသားလူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်နိုင်စေရန်နှင့် နိုင်ငံတော်ကို နိုင်ငံတကာအလယ်တွင် အားကစားဖြင့် ဂုဏ်မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းတို့ကို ပြောကြားပါသည်။

ထို့နောက် အားကစားနှင့်ကာယဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဖြည့်စွက် ရှင်းလင်းရာတွင် အခြေခံပညာအထက်တန်းကျောင်းများတွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းမှာ ကျောင်းသား လူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင် လာကြစေရန် ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာခြင်းအားဖြင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ပြီး နိုင်ငံဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊  အားကစားဝန်ကြီးဌာန အနေဖြင့် နည်းပြများ၏ အစားအသောက်ကိစ္စရပ်များကို စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အနေဖြင့် နေထိုင်ရေးကိစ္စရပ်များကို တာဝန်ယူပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း အားကစားဝန်ကြီးဌာန မှလည်း ဒိုင်လူကြီးများ/ နည်းပြများကို ဆင့်ပွားသင်တန်းများသင်ကြားပေးစေပြီး ကျောင်းများတွင် ကာယနည်းပြများအဖြစ် စေလွတ်သွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဖြည့်စွက်ဆွေးနွေးရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားစေရေး တို့အတွက် အဓိကထား ဆောင်ရွက်လျှက်ရှိရာ အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ အပြန်အလှန်ဆက်နွယ် မှုများရှိပါကြောင်း၊ မကြာမီ အတည်ပြု ထုတ်ပြန်တော့မည် မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ  ဥပဒေတွင်လည်း ပညာရေးကဏ္ဍအ နေဖြင့် ပါဝင် ပတ်သက်လာမည် ဖြစ်ကြောင်း ပြောကြားပါသည်။        
            
ဆက်လက်၍ လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ နွေရာသီ အခြေခံအားကစား သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခင်နှစ်က နွေရာသီအခြေခံ အားကစား သင်တန်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မစစ်မီ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် နွေရာသီ အားလပ်ရက် များတွင် ကျောင်းသား/ သူများအချိန်ကို အကျိုးရှိစွာ အသုံးပြု နိုင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းတွင်လည်း ကျောင်းသား/ သူလေးများ စာမေးပွဲမဖြေခင်စည်းရုံးလှုံ့ဆော်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီးများနှင့် သင်တန်းဖွင့်မည့်ရက်၊ သင်တန်းဖွင့်မည့်နေရာ၊ သင်တန်းသား အင်အားများနှင့် ပတ်သက်၍ ခေါ်ယူညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းဖွင့်ပြီးသည့်နောက် တွင် သင်တန်းသားများ လျော့နည်းသွားခြင်းမျိုး မရှိအောင်လည်း ကျောင်းအလိုက် ဆရာ/ဆရာမများနှင့် အားကစားနည်းအလိုက် နည်းပြမှ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေမှ ပညာရေးမှူးမှ ယခုလိုနွေရာသီအခြေခံ အားကစားသင်တန်းများကို အားကစားဝန်ကြီးဌာန အနေဖြင့် လိုအပ်ချက်မရှိ ဖြည့်ဆည်း ဆောင်ရွက်ပေးသလို မိမိတို့ ပညာရေးဌာန အနေဖြင့် သင်တန်းသား အရေအတွက် ပြည့်မီရေး၊ သင်တန်းဖွင်ပွဲ၊ ပိတ်ပွဲတွင်လည်း စည်ကားသိုက်မြိုက်စွာ ပါဝင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် အသေးစိတ် အချက်အလက်များအား အားကစားဝန်ကြီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။


အစည်းအဝေးပွဲမှ နွေရာသီအားကစား သင်တန်းဖွင့်ပွဲကို (၃၀.၃.၂၀၁၅)ရက်နေ့တွင် ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အဆင့်ဆင့်တင်ပြသွားမည်ဖြစ်ပြီး ပေါင်းလောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် သင်တန်းများကို ကျောင်းများအလိုက် သီးခြားမခွဲခြားပဲ နီးစပ်ရာ ကျောင်းများစုပေါင်း၍ သင်တန်းများ ပို့ချနိုင်ရေးစီစဉ် ပေးသွားမည် ဖြစ်ပါကြောင်း၊ နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း (၈)မျိုးဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ သိုင်း၊ ဝူရှူး၊ ပြေးခုန်ပစ်တို့ကို သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment