Friday, February 27, 2015

နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး






ရန်ကုန် ဖေဖော်ဝါရီ ၂၆
လေးပွင့်ဆိုင် သဘောတူထားသော အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (NNER)နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ တွေ့ဆုံ ဆွေးနွေး ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်း (အောက်လမ်း) ရှိ Home (House of Media & Entertain- ment)ခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်သူဂျိမ်းက ''အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲမှုကွန်ရက် (NNER)နဲ့ အခြား ပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ ဒီဥပဒေအပေါ်မှာထားရှိတဲ့ သဘောထား၊ ဆုံးဖြတ်ချက်တွေကို လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်တွေ သိမယ်ဆိုရင် ပိုပြီးတော့အကျိုးရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဥပဒေနဲ့ပတ်သက်ပြီးတော့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်း သိစေလိုတဲ့ အတွက် အခုလိုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်'' ဟု ပြောကြားသည်။
အလားတူ '' (NNER)ကို ပညာရေးပြုပြင် ပြောင်းလဲရေးကို စိတ်ဝင် စားတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေနဲ့ချိတ်ဆက် ထားပါတယ်။ အမျိုးသား ပညာရေး တစ်ရပ် မပေါ်ခင်ပညာရေးမူဝါဒ ရှိသင့်တယ်လို့ ယုံကြည်တဲ့ အတွက် ဒေသ ၂၅ ခုမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်'' ဟု (NNER)မှ ဒေါက်တာ သိန်းလွင်က ပြောကြားပြီး အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆက်လက်ရှင်း လင်းပြောကြားသည်။
ထို့အပြင် လေးပွင့်ဆိုင်ဆွေးနွေးနေစဉ် ဆန္ဒပြကျောင်းသားများ ကြုံတွေ့နေရသည့် အခြေအနေများကိုလည်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှနန္ဒစစ်အောင်က ရှင်းလင်းပြောကြားသည်။
ထို့အတူ ယနေ့တွေ့ဆုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ ဦးသိန်းဘော်က ''ညှိနှိုင်းကြတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် မာနတရားတွေကို လျှော့ပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် အားလုံး အဆင်ပြေနိုင်ပါတယ်။ နောက်ပိုင်းပြဿနာတွေကို ဖြေရှင်းတဲ့အခါ သည်းတော့ခံရမယ်။ ဒါပေမယ့် မှန်တာ ကိုတော့ ပြန်ပြောရမယ်။ အခုဆွေးနွေးပွဲ တွေမှာလည်း မှန်တာတွေပြောကြရင် ဒီကိစ္စတွေ အကုန်လုံး အဆင်ပြေ သွားမှာပါ'' ဟု အမျိုးသား ပညာရေး ဥပဒေသစ် ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသူများ၏ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြသည်။
သတင်း-ခင်ချိုဝင်း
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment