Friday, February 27, 2015

စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ရေရှည်ရင်းနှီး မြှုပ်နှံမှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ထည့်သွင်း စဉ်းစား



နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စု လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။



အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကပေးပို့သော ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ကုန်းလမ်း အကောက်အခွန်အက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒ နယ်မှ ဒေါ်တင်နွယ်ဦးက ဖွံ့ဖြိုးသည့် နိုင်ငံအဆင့်သို့တက်လှမ်းမည်ဆိုပါက စက်မှုကဏ္ဍကို ဦးစားပေးရမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လည်းလယ်ယာမြေများ သိမ်းဆည်း ခံရခြင်းနှင့် သဘာဝဒဏ်များခံစား ရခြင်းတို့ကြောင့် လယ်ယာလုပ်သားများ ရှားပါးနေပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မလိုအပ်သည့် စီမံကိန်းများ ဆိုင်းငံ့၊ ပယ်ဖျက်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကိုထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
တံတားဦးမဲဆန္ဒနယ်မှ ဒေါ်ခင်သန္တာက လယ်ယာကဏ္ဍတွင်ရှိသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များ အောင်မြင်နိုင်ရန်အတွက် သိမ်းဆည်းခံမြေများ ပြန်လည်စွန့်လွှတ်ရန်နှင့်လျော်ကြေး၊ နစ်နာကြေးများ ပေးရန် ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ အရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ငှားရမ်းခြင်းဖြင့် နိုင်ငံတော်၏ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုနှင့် အလုပ်သမားများ၏ ကြိုးစားအားထုတ်မှုများ ပိုမိုတိုးတက်လာ မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ဂွမဲဆန္ဒနယ်မှ ဦးကြည်သာက မြန်မာနိုင်ငံ ပို့ကုန်ဝင်ငွေ၏ ၄၂ ဒသမ ၅ ရာခိုင်နှုန်းသည် သဘာဝ ဓာတ်ငွေ့ ရောင်းချသည့် လုပ်ငန်းမှ ဖြစ်ပါကြောင်း၊ ၂၃ ဒသမ ၉ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍဖြစ်ပါကြောင်း၊ ၁၁ ရာခိုင်နှုန်းသာလျှင် စက်မှုကုန်ကြမ်းပစ္စည်းများ ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ ရောင်းချရသည့် ငွေဖြင့် အဓိကရပ်တည်နေသည့် နိုင်ငံဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ၏ တိုးတက် မှုကိုလည်း အထူးဂရုပြုရမည်ဖြစ် သကဲ့သို့ စက်မှုကဏ္ဍ၏ ကုန်ချောထုတ်လုပ်မှုကိုလည်း ဂရုပြုရမည် ဖြစ်ပါကြောင်း၊ အနာဂတ်အမျိုးသား စီမံကိန်းရေးဆွဲရာတွင် ကိန်းဂဏန်းများ မှန်မှန်ကန်ကန် ဖြစ်စေရန်နှင့် ဌာနတစ်ခုနှင့်တစ်ခု အချိတ်အဆက် ညီအောင် ဆောင်ရွက်ကြမှသာ စီမံကိန်း အောင်မြင်မည် ဖြစ်ပါကြောင်းဖြင့်ဆွေးနွေးသည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ပညာရေးကဏ္ဍတွင် ဆရာ၊ကျောင်းသား အချိုး၌တိုးတက် မြင့်မား လာပြီဖြစ်၍ အရည်အချင်း ပြည့်ဝလာရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာရေးစနစ်ပြုပြင် ပြောင်းလဲ ရေးတွင် နိုင်ငံတော်၏ စီးပွားရေး လိုငွေပြနေမှုနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန်အတွက် အခွန်ရရှိမှုကို မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံ တင်ရေး လုပ်ငန်း၌ ''မိုးပွင့်စီမံချက် ဆောင်ရွက်ရာတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးရန် ကျန်ရှိနေသောပြည်သူများသို့ မြန်ဆန်အဆင်ပြေစွာ ထုတ်ပေးနိုင်ရေးအတွက် တည်ဆဲဥပဒေ ဘောင်အတွင်းမှ ခွင့်ပြုနိုင်ရန်ဆောင်ရွက်သွားမည်''ဟု အသစ်ဖြည့်စွက်လိုပါ ကြောင်းဖြင့် ဆွေးနွေးသည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်က စက်မောင်းဆီဖြန့်ဖြူးမှုဈေး နှုန်းသည် ပုဂ္ဂလိက၏ လက်ဝယ်တွင်ရှိ နေပါကြောင်း၊ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများ ကျဆင်းလာချိန်တွင် ပြည်ပမှ အဓိကတင်သွင်းရောင်း ချနေသည့် ပြည်တွင်း စက်မောင်းဆီ ဈေးနှုန်းများသည် အချိန်နှင့်တစ်ပြေးညီ လိုက်လျော ညီထွေကျဆင်း လာခြင်း မရှိပါကြောင်း၊ ပြည်တွင်းပုဂ္ဂလိက စက်မောင်းဆီအရောင်းဆိုင်မှ ဖြန့်ဖြူး ရောင်းချနေသည့် စက်မောင်းဆီများ၏ အရည်အသွေး၊ အချိန်အတွယ်နှင့်ရောင်းဈေးနှုန်းများကို ညှိနှိုင်း ထိန်းသိမ်း တည့်မတ် ပေးရန်လိုအပ်ပါကြောင်း၊ ဈေးကွက် စီးပွားရေး မူဝါဒတွင် ဈေးကွက် လက်ဝါးကြီးအုပ် စနစ်ရှိသည့် အတွက် ၄င်းတို့ကို Counter Balance လုပ်ပေးနိုင်သည့် အခြားပြိုင်ဘက် အုပ်စုများက ယှဉ်ပြိုင်စေရေး ထိထိရောက်ရောက် လုပ်ဆောင်ပေးရန် လိုအပ် ပါကြောင်းဖြင့် ဆွေးနွေးသည်။
အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက မငြိမ်းချမ်းသည့်ဒေသများမှ ငြိမ်းချမ်းသည့် နေရာများတွင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးလာအောင် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဖွံ့ဖြိုးသေးသည့် ဒေသများ၌ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အလေးထားဆောင် ရွက်ရန်နှင့်တိုင်းရင်းသား အရေးနှင့် ငြိမ်းချမ်းရေး ကို အထူးအလေးပေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဖြင့် ဆွေးနွေးသည်။

No comments:

Post a Comment