Friday, February 27, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် လောက်ကိုင်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊စစ်သည်များ၊ ၀န်ထမ်းများနှင့် အရပ်သားများအား ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြုအားပေး








နေပြည်တော် ဖေဖော်ဝါရီ   ၂၇
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်း၊ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊  ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြ သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လောက်ကိုင်ဒေသတိုက်ပွဲများ၌ နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော် သားအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား လားရှိုးတပ်နယ် တပ်မတော် ဆေးရုံ၌ သွားရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံ အားပေးကာ ဂုဏ်ပြုငွေကျပ်သိန်း (၁၀၀)နှင့် လက်ဆောင်ပစ္စည်း ၊ စားသောက်ဖွယ်ရာများ ကို ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တပ်မတော် ဆေးရုံရှိ တပ်မှူးခန်းမ၌ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား တွေ့ဆုံပြီးထောက်ပံ့ငွေကျပ် (၁၅)သိန်းကို ပေးအပ်ကာ အားပေး စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကိုးကန့် သောင်းကျန်းသူများက အရပ်ဖက်ယာဉ်တန်း များအား ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အရပ်သားများ နှင့် ပညာရေးဝန် ထမ်းများအား ကြည့်ရှုအားပေးပြီး ထောက် ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများ ကိုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လားရှိုး မြို့ရှိ ပြည်နယ်အထွေထွေ ဆေးရုံကြီး သို့ရောက်ရှိကြပြီး ကိုးကန့် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံကြီး၌ တက်ရောက်ဆေးဝါး ကုသမှု ခံယူနေသည့် ကြက်ခြေနီ ၀န်ထမ်းများ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် အရပ်သားများအား ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများ ကိုပေးအပ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ် သံဃ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တပုညနန္ဒနှင့် အတူ တိုက်ပွဲ ရှောင် ဒုက္ခသည်များအား တွေ့ ဆုံ အားပေးစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် မန်ဆူ ကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုပြီး တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် အလှူငွေကျပ်(၃၂၅)သိန်း၊ ဆန်အိတ် (၁၀၀)၊ဆီပိသာ(၁၀၀)နှင့် ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်တိုက်ပွဲရှောင် ဒုက္ခသည်များအား ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လားရှိုး မြို့မှ အထူး လေယာဉ်ဖြင့်ပြန် လည်ထွက်ခွာ ခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။  

No comments:

Post a Comment