Saturday, February 28, 2015

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်မြို့တွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်းအနီးရှိ မသင်္ကာဖွယ် အဆောက်အအုံတစ်လုံးအား ဝင်ရောက် ရှင်းလင်းခဲ့ရာ အဆောက်အအုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားပါ ၄၀ ထုပ်၊ ၂၀၀၀ ပြားပါ ၂၉ ထုပ်၊ ၄၀၀၀ ပြားပါ ၁၅ ထုပ်၊ ၆၀၀၀ ပြားပါ ၁၀ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၇၉၀ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။


အလားတူ လောက်ကိုင်မြို့အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် ရေသန့်စက်ရုံအနီး လျိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၄၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၃၂၇ သိန်းခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည်။
ထို့အတူ လောက်ကိုင်မြို့မြောက်ဘက် မူကွာကျိုင်းအနီးတွင် ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်း လျက်ရှိသော တပ်မတော်စစ်ကြောင်းက မသင်္ကာဖွယ်ရာ အရပ်သား ၂ ဦးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဦးညီမာန် ၃၇ နှစ်၊ (ဘ)ဦးလူခန်းနှင့် ဦးလျှောက်ကျောင်း ၄၃ နှစ်၊ (ဘ)ဦးဝေချန် တို့ထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၉၃၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၁၃၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ သိမ်းဆည်းရမိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၆၀၇၀၀ ပြား၊ ကာလတန်ဖိုးကျပ် ၃၂၅၆ သိန်းခန့်နှင့် အတူတရားခံ ၂ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment