ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင်
ထာဝရ သတိတရ ရှိနေသည့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည့်
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အချိန်အခါ သမယတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း
ချစ်ခင်ရင်းနှီးစွာ မှီတင်းနေထိုင်လျက် ရှိကြကုန်သော တိုင်းရင်းသားေ သွးချင်း ညီအစ်ကို
မောင်နှမအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်းတစ်လျှောက်တွင်
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုများ အားလုံး၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်တို့သည်
ပြည်ထောင်စုကြီးကို နိုင်ငံတကာအလယ်တွင် တင့်တယ်ထည်ဝါစွာ မားမားမတ်မတ် ရပ်တည်စေနိုင်သည့်
အမျိုးသားရေး အားမာန်များဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုဖွား
တိုင်းရင်းသား လူမျိုးစုများ အားလုံး တစ်စိတ်တစ်ဝမ်းတည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
ရှိခဲ့ကြသည့်အတွက်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တည်း ဟူသော အချုပ်အခြာ အာဏာပိုင်သည့်
နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတကာအလယ်တွင် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်ဟု ထည်ထည်ဝါဝါ ရပ်တည်နိုင်ရန်နှင့် အချုပ်အခြာ အာဏာ တည့်တံ့ခိုင်မြဲစေရန်အတွက်
ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို သားစဉ်မြေးဆက် ထိန်းသိမ်း
စောင့်ရှောက်ရမည်မှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ တာဝန်ဖြစ်သည်ဟု အလေးအနက်
ခံယူသွားရမည်ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်သော
ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
ကူညီဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား အချင်းချင်း
စည်းလုံး ညီညွှတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်အတွက်
ကူညီဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား များ၏ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း
ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တို့ကို
နိုင်ငံတော်၏ အခြေခံမူများအဖြစ် သတ်မှတ်ပြဌာန်းထားပြီးဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊
စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်း အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်ပြီး
လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတတ်စေရန်အတွက် မိမိတို့အားလုံးက
အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်နိုင်ရန်
ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိရန်
လိုအပ်လှပါသည်။
ယနေ့အချိန်အခါတွင် ဒီမိုကရေစီအသွင်းကူးပြောင်းရေးလုပ်ငန်းစဉ်များ၏
အောင်မြင်မှုကြောင့် မြန်မာ့နိုင်ငံ ရေးတွင် မတူညီသည့် သဘောထားများကိုစေ့စပ်ဆွေးနွေးခြင်းနည်းလမ်းများဖြင့်
အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်နေပြီဖြစ်ပါသည်။ ထို့ကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့်
လွတ်လပ်ရေး ရရှိချိန်မှစတင်ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော် ရင်ဆိုင်နေခဲ့ရသည့် လက်နက်ကိုင်
ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သောထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့်
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေး အတွက် အမျိုးသား နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့်
နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖြည့်ဆည်းရမည့် ကွက်လပ်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို
ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများက စုပေါင်းညီညွတ်စွာ
ကြိုးပမ်းရန် လိုအပ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော
ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
မိမိတို့အစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏
တူညီသည့်ဆန္ဒနှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးတို့ကိုဖော်ဆောင်နိုင်ရန်အတွက်
နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးကဏ္ဍများတွင်
ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ဖြင့်
ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတကာကအသိအမှတ်ပြု
ချီးကျူးခဲ့ရသည့် အောင်မြင်မှုများ ရရှိသကဲ့သို့ ဆက်လက်ကျော်လွှားရမည့် စိန်ခေါ်မှုများလည်းကျန်ရှိနေပါသေးသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းပေါင်း များစွာကို တစ်ပြိုင်တည်း ဆောင်ရွက်ရသည့်အတွက်
အချို့ကဏ္ဍများတွင် တိုင်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက်များကိုအပြည့်အဝဖြည့်ဆည်းပေးရန်
လိုအပ်နေဆဲဖြစ်ပါသည်။
ထိုကဲ့သို့
ကြုံတွေ့နေရသောစိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်လွှားပြီးဒီမိုကရေစီ နိုင်ငံတော်
သစ်ကြီးကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည်
အမိမြန်မာ နိုင်ငံတော်အတွက် အရေးကြီးလှပေသည်။
ထို့ကြောင့်
နိုင်ငံတော်အစိုးရနှင့် လွှတ်တော်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့်
နိုင်ငံရေး အင်အားစုများစသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့သည် လက်ဝယ်ရရှိထားသော
ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ၏ အရှိန်အဟုန်လျှော့ကျသွားခြင်းမရှိစေရန်အတွက် မိမိတို့ကျရာကဏ္ဍမှ
စွမ်းစွမ်းတမံ ရှေ့သို့ဆက်ကာ ပူးပေါင်းပါဝင်သွားကြပါရန် မင်္ဂလာရှိသော ပြည်ထောင်စုနေ့
အခါသမယတွင် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
No comments:
Post a Comment