ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊၁၉/၂၀၁၅
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်)
ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့်
သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေး အစီအစဉ် ထုတ်ပြန်ကြေညာခြင်း
၁။ နိုင်ငံတော်အချုပ်အခြာအာဏာ ပိုင်ခွင့်ရရှိရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသား ခေါင်ဆောင်ကြီးနှင့် လက်တွဲဖော်ဆောင်သည့်
နိုင်ငံသားနှင့်
တိုင်းရင်းသား ခေါင်းဆောင်များသည် နိုင်ငံ၏ ရေရှည် အကျိုးကို ရည်ရွယ်၍ ၁၉၄၇ ခုနှစ်၊
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၄၉ ခုနှစ်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊
ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ တို့ကို
ပြဋ္ဌာန်း ကျင့်သုံး ခဲ့ပါသည်။
၂။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ
မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ
မှတ်ပုံတင်ရေး နည်း ဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ(၃)ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ
နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူ အချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီသက်သေခံ
လက်မှတ်များအား ထုတ်ပေးခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ခြင်း
လုပ်ငန်းစဉ်အား မိုးပွင့်အထူး စီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက် နေပြီဖြစ်၍ ယာယီသက်သေခံ
လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ သတ်မှတ်ပါသည်။
၃။ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများသည်
၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏
နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ(၄)ပါ ပြဋ္ဌာန်းချက်နှင့်အညီ သက်တမ်း ကုန်ဆုံးသည့် လက်မှတ်များအပ်နှံခြင်း၊
စိစစ်မှုခံယူခြင်းတို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာ၍
နည်းလမ်းတကျ ဆောင်ရွက်ကြရမည်။ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းကို ၂၀၁၅
ခုနှစ်၊ မေလ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၎။ အထက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်
၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (၁)နှင့် နည်းဥပဒေခွဲ(၃)၊
နည်းဥပဒေ ၂၉၊ နည်းဥပဒေခွဲ(၂) တို့ပါ ပြဋ္ဌာန်းချက်များအရနှင့် ပွင့်လင်းမြင်သာမှုရှိစေရေး၊
ညီညွတ်မျှတမှုရှိစေရေး တို့အတွက် မြို့နယ်မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်
သမ္မတရုံးမှ မိုးပွင့်အထူးစီမံချက်တွင် ဖွဲ့စည်း ပေးထားပြီး ဖြစ်သော တိုင်းဒေသကြီး/ပြည်နယ်၊
ခရိုင်၊ မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှု ကော်မတီ များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရန်တာဝန်ပေးအပ်ပါသည်။
၅။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း
နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(၁)ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်အရာရှိချုပ်
အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်၊
မြို့နယ် မှတ်ပုံတင်အရာရှိအဖြစ် သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာန မြို့နယ် ဦးစီးမှူး အားလည်းကောင် တာဝန် ပေးအပ်ပါသည်။
၆။ ထို့အပြင် ယာယီသက်သေခံ လက်မှတ်နှင့်
စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများ ရှိနေသည့်အတွက် ယာယီသက်သေခံလက်မှတ်နှင့်
စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ် ကိစ္စရပ်များ လေ့လာ သုံးသပ် အကြံပြုရေး
ကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်း တာဝန်ပေးအပ်
သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment