Sunday, February 1, 2015

မင်္ဂလာတောင်ညွန့်တွင် ဟိုတယ်လုပ်ငန်း၊ ရုံးခန်းနှင့် လူနေအိမ်ခန်းများပါဝင်သော စီမံကိန်း အကောင်အထည်ဖော်မည်



နေပြည်တော် ဖေဖော်ဝါရီ ၁
Asia  Myanmar Shining Star  Investment Co., Ltd. နှင့် အမေရိကန်နိုင်ငံ အခြေစိုက် Wyndham Hotels Group တို့ အကျိုးတူပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဟိုတယ်လုပ်ငန်း၊ ရုံးခန်းနှင့် လူနေအိမ်ခန်းများပါဝင်သော စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် ပိုမိုဝင်ရောက်လာသည်နှင့်အညီ ၂၀၁၅ ခုနှစ်တွင်လည်း ကမ္ဘာလှည့်ခရီးသည် (၄ ဒသမ ၅)သန်းကျော်ခန့် ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း ခရီးသွားရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းကို ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းပါ မဟာဗျူဟာ (၆)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဌာန အနေဖြင့် လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ တာဝန်ရှိသူ များက တည်ဆောက်မည့် စီမံကိန်းပုံစံငယ်များနှင့်အတူ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အင်းယားကန်ဟိုတယ်၌ ပြုလုပ်သည့် လက်ရှိမြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအား ပြန်လည်ပြုပြင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးနှင့် ပတ်သက်၍  Hanns  Seidel  Foundation မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာသော အာဆီယံ-အမေရိကန် စီးပွားရေးကောင်စီမှ လက်ထောက် ညွှန်ကြားရေးမှူး Mr. Anthony Nelson အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမ၌ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို အမေရိကန်နိုင်ငံမှ ပံ့ပိုး ကူညီပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အာဆီယံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟူ၍ ကွဲပြားခြားနားလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုနည်းသော နိုင်ငံများကို အားပေးကူညီခြင်း ဖြင့် တစ်ချိန်တွင် ဖွံ့ဖြိုးတိုးတက်မှု တစ်ပြေးညီ ဖြစ်လာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ အကူအညီ ဖြင့် ခရီးသွားလုပ်ငန်းအပိုင်းတွင် အကူအညီရရှိပါက အချိန်တိုအတွင်း ထူးခြားစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

No comments:

Post a Comment