နေပြည်တော်
ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်
နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်း ညှိနှိုင်းမှု အစည်းအဝေးကို ယနေ့နံနက်
(၉) နာရီက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသော နိုင်ငံရေး
ပါတီများက ရွေးကောက်ပွဲ အချိန်ဇယား သတ်မှတ်ချက်၊ ရွေးကောက်ပွဲ ဥပဒေ၊ မဲစာရင်းပြုစုခြင်း၊
မဲစာရင်း ကြေညာခြင်း၊ မဲဆန္ဒနယ် သတ်မှတ်ကြေညာခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ မဲဆန္ဒရှင်
ပညာပေးခြင်း လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်
ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ ကော်မရှင် အဖွဲ့ဝင် ဦးဝင်ကိုက ပြန်လည်ရှင်းလင်း
ပြောကြားသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က
မဲစာရင်းပြုစုခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နိုင်ငံရေးပါတီများ၏
မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက
နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံရေးပါတီများ၏ ယနေ့ ဆွေးနွေးတင်ပြချက်များမှာ
ကောင်းမွန်ပါကြောင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအနေဖြင့်
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု သည်
ကော်မရှင်အတွက် အားဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိုပါက
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လက်စွဲစာစောင်များကို ဂဃနဏ သိရှိရန် လိုအပ်ပါကြောင်း၊
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပနိုင်ရေးအတွက်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ
တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ (၆၂) ပါတီမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း(၂)
ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment