Tuesday, February 17, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မော်လမြိုင်မြို့၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား





နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဦးမောင်မြင့်၊ ဦးကျော်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ် သမဝါယမ အသင်းစုချုပ်အမှု ဆောင်များ၊ အသင်းစု အမှုဆောင်များနှင့် အသင်းသားများ၊ မြို့မိဖြို့ဖများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အသေးစားချေးငွေ လုပ်ငန်း များ၊ Hငမန ဏကမခ့asန လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘ၀မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေး အတွက်လည်းကောင်း၊ ပြည်သူများ အတွက် အနာဂတ် အာမခံချက်ပေးနိုင်ရေးအတွက် လည်းကောင်း၊ တိုင်းပြည် စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်းကောင်း အခြေခံလက်တွေ့ကျပြီး မှန်ကန်သည့် လုပ်ငန်းစဉ် များဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်လာသည်နှင့်အမျှ နိုင်ငံတော်၏ရည်မှန်းချက် ဖြစ်သည့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲမှုနှုန်းကို (၂၆)ရာခိုင်နှုန်းမှ (၁၆)ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် များ အကောင်အထည်ဖော်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားလည်း အမှန် တကယ် တိုးတက်လာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သမဝါယမအသင်းသားများ၊  အမှုဆောင်များ၊ သမဝါယမ ဝန်ထမ်းများ၊ ဝန်ကြီးဌာန အသီးသီးနှင့် ဒေသတာဝန်ရှိသူများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်သည့် UNICEF နှင့် UNDP တို့ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အခြေခံမြို့နယ် (၁၁၆)မြို့နယ်၊ နမူနာအိမ်ထောင်စု (၁၈၆၆၃) အိမ်ထောင်စုကို ကုန်ကျငွေ အမေရိကန် ဒေါ်လာ(၂ ဒသမ ၇)သန်း အကုန်အကျခံပြီး မြန်မာနိုင်ငံ၏ ဆင်းရဲမှု နှုန်းစစ်တမ်း ကောက်ယူခဲ့ပါကြောင်း။
ထိုစစ်တမ်းများအရ မြန်မာနိုင်ငံ၏ဆင်းရဲမှုနှုန်းသည် ၂၀၀၅ခုနှစ်တွင် (၃၂)ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၀ခုနှစ်တွင် (၂၆)ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်အရ ၂၀၁၅ခုနှစ်တွင် ဆင်းရဲမှု ရာခိုင်နှုန်းကို (၁၆)ရာခိုင်နှုန်းအထိ လျှော့ချ ပေးရန်ဖြစ်ပါကြောင်း။
မွန်ပြည်နယ်၏ ဆင်းရဲမှုနှုန်းကိုပြန်ကြည့်လျှင် ၂၀၀၅ခုနှစ်က (၂၂)ရာခိုင်နှုန်းရှိပြီး  ၂၀၁၀ခုနှစ်တွင် (၁၆) ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ ထောင်စုနှစ် ရည်မှန်းချက်အရ (၂၂)ရာခိုင်နှုန်းမှ (၁၁)ရာခိုင်နှုန်းအထိ လျှော့ချပေး ရမည် ဖြစ်ပါကြောင်း၊ ထိုရည်မှန်းချက်က ပြည်ထောင်စုအစိုးရ၊ မွန်ပြည်နယ်အစိုးရနှင့် ပြည်သူပြည်သား အားလုံးက ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထု အစိတ်အပိုင်းတစ်ခု၏ လူမှုစီးပွားဘ၀ ပိုမိုမြင့်မား တိုးတက်စေရန် လုပ်ဆောင်မှုများတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ပါဝင်နေပါကြောင်း။
အိမ်ထောင်စုတိုင်း ဖွံ့ဖြိုးတိုးတက်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များဖွံ့ဖြိုးတိုး တက်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးမှု ကျဆင်းပြီး ဆင်းရဲရန် လွယ်ကူသော်လည်း ဖွံ့ဖြိုး တိုးတက်ပြီး ကြွယ်ဝချမ်းသာရန် ခက်ခဲပါ ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် ပြည်သူလက်တွဲပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဒေသတည်ငြိမ်အေးချမ်းရန်လည်း လိုအပ်ပါကြောင်း။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ဒီမိုကရေစီနိုင်ငံတော် အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစ၍ မြန်မာနိုင်ငံ ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအစီအစဉ်များကို တစ်ပြိုင်တည်း စီမံချက်ချ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်တိုးတက် သည့် အပိုင်းများ အမြောက်အမြားရှိသကဲ့သို့ ခက်ခဲသည့် စိန်ခေါ်မှုအပိုင်းများလည်း ကျန်ရှိနေဆဲဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့် ကာလအတွင်း တတိယလှိုင်း အစီအမံနှင့် အတတ်နိုင်ဆုံး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် အခမ်းအနားသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးလုပ်ငန်းစဉ် (၈)ရပ်တွင် ပါဝင်သည့် သမဝါယမကဏ္ဍ အောင်မြင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့အထောက်အကူ ဖြစ်စေရန် တောင်သူလယ်သမား ဦးကြီးများအတွက် လယ်ယာသုံး စက်ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချဆောင်ရွက်ပေးသွားမည့် အခမ်းအနားပင် ဖြစ်ပါကြောင်း။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအဖြစ် ထူထောင်ရန် မိရိုးဖလာ လက်မှု လယ်ယာ လုပ်ငန်းများနေရာတွင် ခေတ်မီသည့် လယ်ယာသုံး စက်ကိရိယာများနှင့် အစားထိုး အသုံးပြု သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရေမြေ လယ်ယာလုပ် ငန်းနှင့်ကိုက်ညီသည့် လယ်ယာသုံး စက်ကိရိယာများကို ပြည်ပမှဝယ်ယူပြီး သမဝါယမဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် များ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုနှင့်အတူ အရစ်ကျငွေပေးချေ စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။
သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲနွမ်းပါးသူများအား တစ်ဖက်တစ်လမ်းမှ လက်တွေ့ အထောက်အကူ ပြုပေးနိုင်ရန်နှင့် မြန်မာ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး၊ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အလျင် အမြန် ကူးပြောင်းရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ငွေကျပ် (၅၆၂)သန်းကျော် တန်ဖိုးရှိ လယ်ယာသုံးစက် ကိရိယာ (၈၈)စီးကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ ငွေကျပ် (၁၄၆)သန်းကျော်တန်ဖိုး ရှိ လုပ်ငန်းသုံးဆိုင်ကယ် (၁၀၇)စီး ရောင်းချပေးခြင်း၊ စိုက်ပျိုးရေး စရိတ်ချေးငွေအဖြစ် ငွေကျပ် (၅၇၁၂)သန်းကို ကူညီထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း။
ယခုကဲ့သို့ သမဝါယမဝန်ကြီးဌာနက လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း ကြောင့် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုး ချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ စိုက်စရိတ်နှင့် လုပ်အားခသက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရသည့် အပြင် ပိုမိုတိုးပွား ရရှိလာမည့် ဝင်ငွေများနှင့် ပညာရေး၊ ကျန်းမာရေးစသည့် လူမှုရေးများတွင် အဆင် ပြေလာ နိုင်မည် ဖြစ်ပါကြောင်း။
ယနေ့အချိန်တွင် မြို့ပြနှင့်ကျေးလက် နေပြည်သူများ၏ အဓိကလိုအပ်ချက်သည်  နည်းပညာနှင့် အရင်းအနှီး ဖြစ်ပါကြောင်း၊ အရင်းအနှီးလိုအပ်ချက်ရှိသည့် ပြည်သူများ အနေဖြင့် အတိုးကြီးကြီးပေးပြီး ငွေချေးနေရမှုများမှ လွတ်မြောက်စေရန်နှင့် လေးငါးနှစကြာသည့်အခါ ငွေချေးယူစရာမလိုတော့ဘဲ စုဆောင်းမိလာသည့် မိမိ ကိုယ်ပိုင် ငွေကြေးများနှင့် ရပ်တည်လာနိုင်သည့် အခြေအနေထိ ရောက်ရှိလာနိုင်ရန် မျှော်မှန်းပြီး သမဝါယမ စနစ်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။
လယ်ယာကဏ္ဍ ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် လယ်ယာအသစ်များ ထပ်မံ တိုးချဲ့ဖော်ထုတ်ပြီး လယ်ယာမရှိသူများ လယ်ယာလုပ်နိုင်ရေး၊ လယ်ယာဧက ပိုင်ဆိုင်မှု နည်းပါးသူများကို အထွက်တိုး စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဖြူးပေးရန်လိုအပ်ပြီး တစ်သီးစိုက်သည့် လယ်ယာမြေမှ နှစ်သီး သုံးသီးစိုက်နိုင်သည့် လယ်ယာများအဖြစ် ပြောင်းလဲရန် လိုအပ်သည့်အပြင် လယ်ယာထွက်ကုန်များ အရည်အသွေး မြင့်တက်လာ စေရန် ဆောင်ရွက်ပေးရန်လည်း လိုအပ်နေသေးသည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် သမဝါယမဝန်ကြီးဌာနသည် ကိုရီးယား သမ္မတနိုင်ငံ Daedong Industrial Co, နှင့် ပူးပေါင်းပြီး အရည်အသွေး မှန်ကန်သည့် လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံ အစိုးရများ၏ ပူးပေါင်းမှုများနှင့် ပြည်သူများအကျိုးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။
အတိတ်က မြန်မာ့သမဝါယမ၏ ကောင်းမွေ၊ ဆိုးမွေများကို သင်ခန်းစာယူပြီး မိမိတို့နိုင်ငံတော် အစိုးရ လက်ထက်တွင် အခြေခံလူတန်းစားများဘ၀ မြင့်တက်လာစေရန်၊ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့နည်းကျဆင်း သွားစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်စေရန် အားလုံး ပူးပေါင်း ပါဝင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ခရိုင်အလိုက် ပံ့ပိုးချေးငွေများ ပေးအပ်ခြင်းကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က မော်လမြိုင်မြို့နယ်ရှိ သမဝါယမအသင်း (၃၃)သင်းအတွက် ချေးငွေကျပ် (၈၆၄ ဒသမ ၀၀၅) သန်း၊ မုဒုံမြို့နယ်ရှိ သမဝါယမ အသင်း (၄၀)အတွက် ချေးငွေကျပ် (၇၁၁ ဒသမ ၆၄၃)သန်း၊ ချောင်းဆုံမြို့နယ်ရှိ သမဝါယမ အသင်း (၄၄)သင်းအတွက် ချေးငွေကျပ် (၃၇၉ ဒသမ ၁၇၇)သန်း၊ ကျိုက်မရောမြို့နယ်ရှိ သမဝါယမ အသင်း (၃၇)သင်းအတွက် ချေးငွေကျပ် (၂၁၀ ဒသမ ၀၈၃)သန်း၊ သံဖြူဇရပ်မြို့နယ်ရှိ သမဝါယမအသင်း (၂၉)သင်းအတွက် ချေးငွေကျပ် (၁၃၂ ဒသမ ၇၆၅)သန်း တို့ကို တာဝန်ရှိသူများထံ ပေးအပ်သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ရေးမြို့နယ်ရှိ သမဝါယမအသင်း (၃၂)သင်း အတွက် ချေးငွေကျပ် (၂၉၅ ဒသမ ၀၇၃)သန်း၊ သထုံမြို့နယ်ရှိ သမဝါယမအသင်း (၄၀)အတွက် ချေးငွေကျပ် (၇၈၃ ဒသမ ၂၀၁)သန်း၊ ပေါင်မြို့နယ်ရှိ သမဝါယမ အသင်း (၄၃)သင်းအတွက် ချေးငွေကျပ် (၅၉၆ ဒသမ ၃၄၂)သန်း၊  ဘီးလင်း မြို့နယ်ရှိ သမဝါယမအသင်း (၇၉)သင်းအတွက် ချေးငွေကျပ် (၈၅၈ ဒသမ ၄၅၉)သန်း၊ ကျိုက်ထိုမြို့နယ်ရှိ သမဝါယမ အသင်း (၄၄)သင်းအတွက် ချေးငွေကျပ် (၈၈၂ ဒသမ ၁၉၁)သန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်သည်။
ထို့နောက် လယ်ယာသုံး စက်ကိရိယာများ ပံ့ပိုးပေးအပ်ခြင်းကို ဆောင်ရွက်ရာ ဗဟိုသမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက ငွေကျပ် (၁၁၉၈ ဒသမ ၆၄၄)သန်း တန်ဖိုးရှိ ထွန်စက် (၃၁)စီး၊ လက်တွန်းထွန်စက် (၆၆)စီး၊ ရိတ်သိမ်း ခြွေလှေ့စက် (၉)စီး၊ အခြား လုပ်ငန်းသုံး စက်ကိရိယာ (၁၀၇)စီး စုစုပေါင်း (၂၁၃)စီးကို အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချပေးသည်။
ယင်းနောက် သမဝါယမ အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အဆိုပါ အားကစားကွင်း အတွင်း၌ ခင်းကျင်းပြသထားသည့် စက်မှု လယ်ယာသုံး စက်ပစ္စည်းပြခန်းများနှင့် အခြား လုပ်ငန်းသုံး စက်ပစ္စည်းပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

No comments:

Post a Comment