Sunday, February 15, 2015

ကမ္ဘာလှည့်ခရီးသည် ၁၇၆၅ ဦး လိုက်ပါလာသည့် သင်္ဘော သီလဝါဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၄
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်း၌ ဝန်ကြီးဌာနထံမှ လိုင်စင် ရယူ ဆောင်ရွက်လျက်ရှိသော Myanmar Voyages International Tourism Co., Ltd. ၏ စီစဉ်မှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသော MV. Celebrity Century သို့ သွားရောက်၍ သင်္ဘောကပ္ပတိန်အပါအဝင် ကမ္ဘာလှည့်ခရီးသည်များအား ရင်းနှီးစွာ သွားရောက် ကြိုဆိုနှုတ်ဆက်သည်။


အဆိုပါသင်္ဘောသည် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မလေးရှားနိုင်ငံ လန်ကဝီဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်္ဘော သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အချို့ခရီးသည်များမှာ ပုဂံသို့လည်းကောင်း၊ ကျန်ခရီးသည်များမှာ ပဲခူးမြို့၊ ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် သန်လျင်မြို့များတွင်လည်းကောင်း လည်ပတ်မည်ဟု သိရသည်။ အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော သင်္ဘောဖြစ်ပြီး နောင်တွင်လည်း မြန်မာနိုင်ငံသို့ အဆက်မပြတ် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
သင်္ဘောပေါ်တွင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၁၇၆၅ ဦးနှင့် သင်္ဘောအမှုထမ်း ၈၇၄ ဦး ပါဝင်ပြီး အများစုမှာ အမေရိကန် လူမျိုးနှင့် ဗြိတိန်လူမျိုးတို့ဖြစ်ကြောင်း သိရသည်။ ယခင်က တစ်နှစ်လျှင် ကမ္ဘာလှည့် အပျော်စီးသင်္ဘော ငါးစင်းခန့်သာ ဝင်ရောက်ခဲ့ရာ ယခုကဲ့သို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း တစ်ရှိန်ထိုး မြင့်တက်လာသည့်အချိန်တွင် အဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment