Sunday, February 15, 2015

အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်(ရန်ကုန်)၌ စစ်ပညာသင်တန်း တက်ရောက်သင်ကြား နေကြသည့် တက္ကသိုလ်ကျောင်းသားအချို့၏ ရင်တွင်းစကားသံများ

ရန်ကုန် ဖေဖော်ဝါရီ ၁၄
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ကြီး စတင် တည်ထောင်စဉ်ကတည်းက တက္ကသိုလ် အရန်တပ်ရင်းကို ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ရာ ၁၉၂၂ ခုနှစ် ဇွန်လတွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်းကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။






တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း၊ အမှတ်(၁)တက္ကသိုလ် အရန်တပ်ရင်း၊ အမှတ်(၁) တက္က သိုလ် လေ့ကျင့်ရေး တပ်ဟူ၍ အမည်နာမ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၉၈၆ ခုနှစ်ထိ တက္ကသိုလ်ကျောင်း သား ကျောင်းသူ များကို စစ်အခြေခံပညာများ လေ့ကျင့် သင်ကြားပေးမှုများပြုလုပ်ခဲ့သည်။
ကာလအတန်ကြာ လှုပ်ရှားမှုများ ရပ်တန့်ခဲ့သော တက္ကသိုလ် အရန် တပ်ရင်းသည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ် (ရန်ကုန်)၊ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေး တပ် (မန္တလေး) နှင့် အမှတ်(၃)တက္ကသိုလ် လေ့ကျင့်ရေးတပ် (မော်လမြိုင်)တို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ သည်။
ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား ၂၅ ဦး၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ၈၁ ဦး၊ နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ၂၁ ဦးတို့သည် ရန်ကုန်မြို့ရှိ အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ အခြေခံစစ်ပညာ သင်တန်းများကို သင်ကြားလျက် ရှိရာ မြန်မာ့သတင်းစဉ်အဖွဲ့က သတင်းသွားရောက် ရယူခဲ့သည်များ ကို ဖော်ပြလိုက် ပါသည်။
စောခင်ထွန်း(တတိယနှစ်  ပြင်သစ်ဘာသာ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်)
ဝတ်စားဆင်ယင်မှုရယ်၊ အလေးပြုပုံရယ်၊ ဘယ်ညာလှည့်တာရယ်၊ စစ်အခြေခံတွေကစပြီး သင်ပေးနေ တာပါ။ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဝါသနာပါတာစစ်သားလည်း လုပ်ချင်တာဆိုတော့ အရမ်း ပျော်ပါတယ်။ ဒီသင်တန်း နှစ်နှစ်လုံး ပြီးဆုံးအောင်တက်ဖို့ စိတ်ကူးထားပါတယ်။
ကျော်ဇေယျ(ပထမနှစ်မဟာသိပ္ပံ၊
အင်ဂျင်နီယာဘူမိဗေဒဘာသာ၊
ရန်ကုန်တက္ကသိုလ်)
ကျွန်တော်တို့တက်တာ သုံးရက်ရှိပြီ။ ပထမရက်မှာ စစ်ဝတ်တန်ဆာ ဝတ်စားဆင်ယင်ခြင်း၊ ဒုတိယရက်မှာ ရှေ့နောက်တန်းစီခြင်း၊ ဘေးဘယ်ညာ တန်းစီခြင်း၊ 'သတိတို့' 'အေးစေတို့'ကို သင်ကြားပေးပါတယ်။ အခုလက်ရှိ တတိယရက်မှာ အရှေ့အနောက်လှည့်ပြီး ဘေးဘယ်ညာ လှည့်နည်းကို သင်ကြားပေး နေတာဖြစ်ပါတယ်။ ဒီ စစ်သင်တန်းတက်လိုက်ရတဲ့အတွက် တပ်မတော်သားတွေရဲ့ဘဝကို ခံစား မိတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဗိုလ်သင်တန်းကို ဝါသနာပါခဲ့ပါတယ်။ အခုလိုမျိုး တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ နှစ်နှစ်သင်တန်းတက်ခွင့်ရတဲ့အတွက် ကျွန်တော့်ရဲ့အိပ်မက်ကိုလည်း အထောက်အပံ့ဖြစ်စေခဲ့တယ်။ အနီးစပ်ဆုံး ဖြစ်စေခဲ့တယ်။ တခြား သင်တန်းသားတွေအနေနဲ့လည်း တပ်မတော်သားရဲ့ဘဝကို အနီးကပ် ထိတွေ့ခံစားရမယ်လို့ ယုံကြည်ပါတယ်။
ဒီသင်တန်းက ကျွန်တော်တို့နိုင်ငံမှာ တစ်ကျော့ပြန်ပေါ့နော်။ ဟို အရင်တုန်းကဖွင့်တယ်လို့ သိရပါတယ်။ ဒီလို တစ်ကျော့ပြန်ဖွင့်တဲ့အခါမှာ သူငယ်ချင်းတွေကိုလည်း တက်စေချင် တာပါ။ အဲဒီလို တက်တဲ့အခါမှာ နိုင်ငံတော်က လိုအပ်တဲ့အခါမှာ ကျွန်တော်တို့တွေက အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကျရာကဏ္ဍက နေပြီး ဒီတတ်ထားတဲ့စစ်ပညာနဲ့တာဝန် ထမ်းဆောင်နိုင်မှာဖြစ်သလို ကျွန်တော်တို့တွေရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကလည်း ဒီ့ထက်ပိုပြီး ကောင်းမွန်လာမယ်။ ကျောင်းစာတွေ လေ့လာတဲ့အခါမှာလည်း အထောက် အကူဖြစ်စေမှာပါ။
ထိုက်အောင်ဝင်း(တတိယနှစ်၊
ရန်ကုန်ပညာရေးတက္ကသိုလ်)
ပထမနေ့မှာ ဦးထုပ်ချွတ်၊ ဦးထုပ်ဝတ် စသင်ပါတယ်။ ဒုတိယနေ့မှာ ပထမဆုံး သင်ခန်းစာဖြစ်တဲ့ သတိ၊ သက်သာ၊ အေးစေ အဲဒါပြီးတော့ ညာညှိတယ်၊ တတိယနေ့ ဒီနေ့မှာဆိုရင် ရှေ့တစ်လှမ်း တက်တာတို့ နောက်တစ်လှမ်းဆုတ် အခြေခံကစပြီး ကျွန်တော်တို့ပြန်သင် ရတာပေါ့၊ အရင်တုန်းက ဒီအတတ် ပညာကိုစိတ်ဝင်စားတယ်။ မတက်ခဲ့ရဘူး။ အခုသင်တန်းတက်ရတော့ ကျေနပ်ပါတယ်။ ကျန်းမာကြံ့ခိုင်ဖို့၊ စည်းကမ်းကောင်းဖို့ လေ့ကျင့်သင်ကြား ပေးတဲ့အတွက် လာတက်ရတာ ကျေနပ်ပါတယ်။ စာသင်ချိန်နဲ့ အချိန် ညှိပေးတယ်။ ဒီသင်တန်းက ပုံမှန်ဆိုရင် ညနေ ၃ နာရီခွဲ၊ ညနေ ၄ နာရီခွဲ အဲဒီအချိန်ဆိုရင်ကျောင်းမှာ စာသင်ချိန်က ပြီးသွားပြီ။ အဲဒါကြောင့် ကျွန်တော်တို့ကျောင်းက သူငယ်ချင်းတွေ စုပြီးလာကြတယ်။
ထက်မြက်အောင်(တတိယနှစ်၊
ရန်ကုန်ပညာရေးတက္ကသိုလ်)
ရန်ကုန်ပညာရေး တက္ကသိုလ် တက်ရင်းနဲ့ တတိယနှစ်မှာ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွင့်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ တက္ကသိုလ် တက်တဲ့အချိန်မှာ ဒီလိုအခွင့်အရေး ကောင်းကို ရယူတာဖြစ်ပါတယ်။ အခုလို လေ့ကျင့်ရတာ မောတာတော့ရှိပေမယ့် ကျွန်တော်ခံနိုင်ပါတယ်။ မပင်ပန်းပါဘူး။ ဒီသင်တန်းကို တက်လိုက်ရတဲ့အတွက် စစ်ပညာကို ကိုယ်တိုင်နားလည်ပြီးတော့ ကျွန်တော်တို့က တစ်နေ့ကျရင် ကျောင်းသားတွေကို ပြန်လည်သင်ကြားရမယ့်ဆရာဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့တပည့် တွေကိုလည်း စစ်ပညာအကြောင်း၊ နည်းပညာစနစ်အကြောင်းတွေကို သေသေချာချာ ပြန်လည်သင်ကြား ပြသနိုင်မယ်လို့ ထင်ပါတယ်။
ဗထူးသန့်(ဒုတိယနှစ်၊
ရူပဗေဒ၊ ရန်ကုန်တက္ကသိုလ်)
ဒီသင်တန်းတက်နေတဲ့ သုံးရက်တာ ကာလအတွင်းမှာ အခြေခံစစ်ပညာတွေကို ပထမဦးဆုံး သင်ကြားပေးပါ တယ်။ နောက်ရက်တွေမှာတော့ ရပ်လျက်အလေးပြုတာတို့၊ တန်းခွဲတာတို့ သင်မယ်လို့ပြောပါတယ်။ ဒီ စစ်ပညာက လူတိုင်းတတ်ထားသင့်တဲ့ ပညာလို့ ထင်ပါတယ်။ ကျွန်တော်တို့ သင်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်လည်း ဒီလိုမျိုး အမြဲတမ်းဖွင့်ပါစေလို့ပဲ ဆုတောင်းတယ်။
ယခုဖွင့်လှစ်လိုက်သော တက္ကသိုလ် လေ့ကျင့်ရေးတပ် စစ်ပညာသင်ကြားရာတွင် တပ်ဖွဲ့ဝင်ကျောင်းသားများ အတွက် လိုအပ်သည့် စစ်ဝတ်၊ လစာ၊ စရိတ်၊ ရိက္ခာနှင့် ရိက္ခာငွေများကို သင်တန်းချိန်လေ့ကျင့်မှုများအလိုက် နိုင်ငံတော်မှ ကျခံထုတ်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် သင်တန်းစစ်ရေးပြကွင်းနှင့် နှစ်မိုင်ကျော်တွင် နေထိုင်ကြသည့် တပ်ဖွဲ့ဝင်ကျောင်းသားများကိုလည်း သတ်မှတ်ခရီးစရိတ်များ ခံစားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment