နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့်
လားရှိုးလေဆိပ်သို့ ရောက်ရှိကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်
အဖွဲ့သည် လတ်တလော ကာလအတွင်း လောက်ကိုင် ဒေသတိုက်ပွဲများတွင် နိုင်ငံတော် အတွက် ရဲဝံ့စွန့်စားစွာ
တိုက်ပွဲဝင် ကာကွယ်ခဲ့ရာမှ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည့် တပ်မတော် သားအရာရှိ၊ စစ်သည်များနှင့်
မိသားစုဝင်များအား လားရှိုး တပ်နယ်ရှိ တပ်မတော် ဆေးရုံ၌ သွားရောက် တွေ့ဆုံ အားပေးစကား
ပြောကြားပြီး ဂုဏ်ပြုငွေနှင့် လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်
အဖွဲ့သည် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီး၌ လောက်ကိုင် ဒေသတိုက်ပွဲများကြောင့် ထိခိုက်
ဒဏ်ရာ ရရှိခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များနှင့် ဒေသခံ ပြည်သူများအား
ရင်းနှီး နွေးထွေးစွာ အားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေ၊ အဝတ်အထည်များ၊ အာဟာရ ဖြည့်စွက်စာများကို
ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည်
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တိုက်ပွဲရှောင်လာသည့် ကျန်းမာရေး ဝန်ထမ်းများအား
မြန်မာနိုင်ငံ ဆရာဝန်များ အသင်းရုံးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင်
ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
ဒေသမှ တိုက်ပွဲ ရှောင်လာသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များ အတွက် ကျန်းမာရေး
စောင့်ရှောက်ပေးနေမှု၊ စားဝတ်နေရေးနှင့် ခေတ္တ တည်းခို နေထိုင်ရေး စီစဉ် ဆောင်ရွက် ထားရှိမှုများကို
ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ တိုက်ပွဲ ရှောင်လာသည့် လောက်ကိုင်၊ ကုန်းကြမ်း၊
တာရွှေထန်နှင့် မော်ထိုက် ကျန်းမာရေး ဦးစီးဌာနများမှ ကျန်းမာရေး ဝန်ထမ်းများနှင့် မိသားစုများ
အတွက် နိုင်ငံတော်က ချီးမြှင့်သည့် ငွေကျပ် သိန်း(၂၄၀)နှင့် (၇) သောင်းကို လည်းကောင်း၊
ဒုတိယသမ္မတ မိသားစုက ချီးမြှင့်ငွေသိန်း (၅၀)တို့ကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက
လက်ခံ ရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးမောင်မြင့်၊ ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်၊ အမှတ်(၁) ဆေးတက္ကသိုလ်နှင့်
ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်တို့မှ ဆရာ ဆရာမများကလည်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ
တိုက်ပွဲ ရှောင်လာသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် မိသားစုများ အတွက် အလှူငွေများကို
ပေးအပ် လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုက်ပွဲ
တိမ်းရှောင်လာသည့် ကျန်းမာရေး ဝန်ထမ်းများက တိမ်းရှောင်စဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်
မိမိတို့၏ လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
ယနေ့ တွေ့ဆုံပွဲတွင်
နိုင်ငံတော် အစိုးရနှင့် စေတနာရှင် ပြည်သူများက ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ
တိုက်ပွဲ ရှောင်လာည့် ကျန်းမာရေး ဝန်ထမ်းများအတွက် စုစုပေါင်း အလှူငွေကျပ် (၃၃၉) သိန်းလှူဒါန်းခဲ့သည်။
ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည်
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တိုက်ပွဲ ရှောင်လာသည့် ပညာရေး ဝန်ထမ်းများအား
အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
ပညာရေးဝန်ကြီးဌာန ညွှန်ကြားရးမှူးချုပ် ဦးတင်မျိုးကြည်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ
တိုက်ပွဲ ရှောင်လာသည့် ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များ အတွက် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊
စားဝတ်နေရေးနှင့် ခေတ္တ တည်းခိုနေထိုင်ရေး စီစဉ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း
တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရဒေသမှ တိုက်ပွဲ ရှောင်လာသည့် ပညာရေး ဝန်ထမ်းများနှင့်
မိသားစုများ အတွက် နိုင်ငံတော်က ချီးမြှင့်သည့် ငွေကျပ်သိန်း (၃၆၇)ကို လည်းကောင်း၊
လောက်ကိုင် ဒေသတိုက်ပွဲများကြောင့် သေဆုံးခဲ့သည့် ပညာရေးဝန်ထမ်း သုံးဦးအတွက် တစ်ဦးလျှင်ငွေကျပ်
(၁၀)သိန်းစီကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးမောင်မြင့်၊ ဦးဝင်းမြင့်နှင့် ဒုတိယဝန်ကြီးများက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ
တိုက်ပွဲ ရှောင်လာသည့် ပညာရေး ဝန်ထမ်းများနှင့် မိသားစုများ အတွက် အလှူငွေများကို ပေးအပ်
လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုက်ပွဲ
တိမ်းရှောင်လာသည့် ပညာရေး ဝန်ထမ်းများက တိမ်းရှောင်စဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်
မိမိတို့၏ လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ယနေ့တွေ့ဆုံပွဲတွင်
နိုင်ငံတော် အစိုးရနှင့် စေတနာရှင်များက ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ
တိုက်ပွဲ ရှောင်လာသည့် ဝန်ထမ်းများနှင့် မိသားစုများအတွက် အလှူငွေစုစုပေါင်း ကျပ် (၁၂၆၅၁၀၀၀၀)
ငွေကျပ် (၆၁၂၂၈၂၄၉) တန်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲများ၌
ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ခက်ခဲပြီး ဝေးလံ ခေါင်းပါးသည့် နယ်စပ်ဒေသများ၌
တာဝန် ထမ်းဆောင်လျက ရှိသော နိုင်ငံ့ ဝန်ထမ်းများအား နိုင်ငံတော် အနေဖြင့် လေးစား ဂုဏ်ယူပါကြာင်း၊
မိမိအနေဖြင့် လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ထိခိုက် ဒဏ်ရာရရှိသည့် တပ်မတော်သားများ၊
ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့် တိုက်ပွဲ ရှောင်လာသည့် ပြည်သူများအား
တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊
ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်
ညှိနှိုင်းကာ ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
ညပိုင်းတွင် အရှေ့မြောက်တိုင်း
စစ်ဌာနချုပ် ရွှေလီရိပ်သာ၌ လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ
အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ငွေကျပ်သိန်း
(၃၀၀)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း (၅၀)၊ စက်မှုဝန်ကြီးဌာနမှ ငွေကျပ် (၂၅)သိန်း၊
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့က ငွေကျပ်
(၁၀)သိန်းစီ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ်သိန်း (၅၀)တန်းဖိုးရှိ စားသောက် ဖွယ်ရာများကို
ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment