Saturday, February 21, 2015

အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဆွေးနွေး


ရန်ကုန် ဖေဖော်ဝါရီ ၂ဝ
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန် စီးပွားရေးတက္ကသိုလ် ပင်မဆောင်ခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲသို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းအောင်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်က ''အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင် လိုတာကို အကြံပြုတင်ပြကြဖို့ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ အဓိကကတော့ စီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းသားတွေရဲ့ ရွေးချယ်ခွင့်၊ ဆရာ ဆရာမကိစ္စတွေနဲ့ ဆိုင်တဲ့ဥပဒေတွေကို အကြံပြုဆွေး နွေးကြရန်နဲ့ ဒီတက္ကသိုလ်ရဲ့ အကြံပြုချက်တွေကို အဆင့်ဆင့် တင်ပြသွားမှာပါ''ဟု ပြောကြားသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်စီးပွား ရေးတက္ကသိုလ် ဖွံ့ဖြိုးရေးပညာ အထူးပြု တတိယနှစ်ကျောင်းသား မောင်ဇေယျာလွင်က ''ဒီအမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြန်ပြင်စရာတွေ ရှိတယ်လို့ လေ့လာမိတယ်။ ဝေဖန်ထောက်ပြမှုတွေရ တယ်။ စကားလုံးတွေတချို့ ပြင်ရမယ်။ ဒီလိုဆွေးနွေးပွဲတွေက ကောင်းပါတယ်။ တက္ကသိုလ်တွေမှာ ဒီလို ဆွေးနွေးပွဲတွေ လုပ်ရမှာ၊ ကျောင်းသားတွေအားလုံး ဘဝရှေ့ရေးအတွက် စာမေးပွဲဖြေကြပါ။ ဒီသပိတ်တွေကြောင့် ကျောင်းတွေပိတ်တာ၊ စာမေး ပွဲတွေ ရပ်စဲသွားတာကို မလိုလားပါဘူး ''ဟု ပြောကြားသည်။

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပါ ပြင်ဆင်ဖြည့်စွက်လိုသည့် ပြဋ္ဌာန်းချက်များနှင့် တည်ဆဲ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်ဇယားဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ပြည်သူအများအကြံပြု နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

No comments:

Post a Comment