ရန်ကုန် ဖေဖော်ဝါရီ ၂ဝ
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ပါ ပြင်ဆင်ဖြည့်စွက်သည့်
ပြဋ္ဌာန်းချက်များနှင့် တည်ဆဲ အမျိုးသားပညာရေး ဥပဒေပါပြဋ္ဌာန်းချက်များ နှိုင်းယှဉ်ဇယားတို့ကို
ပြည်သူများ၊ တက္ကသိုလ် ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအားလုံး သိရှိလေ့လာ
အကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားပညာရေးဥပဒေ ကိုပြင်ဆင်သည့်
ဥပဒေ(မူကြမ်း)ကို ရန်ကုန်ပညာရေး တက္ကသိုလ်၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက
ယနေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကမာရွတ်မြို့နယ် သထုံလမ်းရှိ Learning Hub ၌
လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန် ပညာရေးတက္ကသိုလ် သင်ပြနည်းပညာဌာနမှ ဒေါက်တာစိုးသန်းက
ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မိတ်ဆက်စကားပြောကြားပြီး ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များက
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် သည့်ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ လေ့လာ သုံးသပ်ဆွေးနွေးတင်ပြကြသည်။
အဆိုပါ ဥပဒေ(မူကြမ်း)အပေါ် ကျောင်းသား ကျောင်းသူ အချို့၏ ဆွေးနွေးမှုမှာ-
''အခုပြင်ဆင်တဲ့ဥပဒေ မူကြမ်းက လွတ်လပ်မှုကို ဦးစားပေးတယ်။ ဗဟိုကချုပ်ကိုင်မှုကို လျှော့ချမယ်ဆိုတဲ့အတွက်
ပုဒ်မ၂(ဂ)ကို ပယ်ဖျက်မယ်၊ အမျိုးသားပညာရေး ကော်မရှင်ကို ဖျက်မယ်ဆိုပြီး ပြင်ဆင်ချက်(မူကြမ်း)မှာပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အုပ်ချုပ်မှုအတွက် မဟုတ်ဘဲ ကူညီပေးဖို့ ပြန်ထည့်ထားတာကို တွေ့ရတယ်။
ကျောင်းသားအများစုက ဆွေးနွေးတဲ့အခါ လွတ်လပ်မှုကိုပဲ အမြဲတမ်းဦးစားပေးလို့ မရဘူးလို့တွေးတယ်။
အထိန်းအကွပ်တော့ လိုမယ်။ တက္ကသိုလ်တိုင်းကတော့ ကိုယ်ပိုင် လုပ်ကိုင်ခွင့်တော့ရှိရမယ်။
အဲဒီလိုမျိုးဖြစ်စေချင်တယ်''ဟု ရန်ကုန် ပညာရေးတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသူ ဆုရည်မွန်က
၎င်း၏ အမြင်ကိုပြောသည်။
''ကျွန်မတို့ ကျောင်းသား ကိုယ်စားလှယ်တွေက အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို
ဦးတည် အကောင် အထည်ဖော်ပြီးတော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီး အလယ်တန်းနဲ့
အထက်တန်းအခမဲ့ ပညာရေးတွေ ဖြစ်လာမယ်။ ဒါ့အပြင် အဆင့်မြင့်ပညာရေးအထိပါ ဖြစ်လာနိုင်တဲ့အတွက်
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပုဒ်မ ၆၆ (ဂ) အဆိုကို ပယ်ဖျက်ချင်တယ်လို့
အကြံပြုချင် ပါတယ်''ဟု ရန်ကုန် ပညာရေးတက္ကသိုလ် မဟာကျောင်းသူ မအိအိဖြိုးက ၎င်း၏ သဘောထားများကို
ပြောကြားသည်။
''ကျွန်တော်တို့က ပညာရေးနဲ့ တိုက်ရိုက် ပတ်သက်နေသူတွေပါ။ ဒါကြောင့်
ဒီဆွေးနွေးပွဲကို လာ နားထောင်တယ်။ ဥပဒေဆိုင်ရာ ဗဟုသုတလည်းရတယ်။ ကျောင်းသားတွေ မေးတာကိုလည်း
ဆရာတွေက ပြန်ရှင်းပြကြတယ်။ ဆွေးနွေးသွားတာတွေ အလွန်ကောင်းပါတယ်''ဟု ကျောင်းသားတစ်ဦးကလည်း
အဆိုပါ ဆွေးနွေးပွဲအပေါ် ပြောကြားသွား သည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကလည်း
ပွင့်လင်း မြင်သာစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment