နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
ပညာရေးဝန်ကြီးဌာနသည်
ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်သမ္မတ၏
ပညာတော်သင်ဆုချီးမြှင့်ရေးစီစဉ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင်
အခြေခံ ပညာ ကျောင်းနေနှုန်းမြင့် မားရေးနှင့် ကျောင်းထွက်နှုန်းကျဆင်းရေးအတွက် အခမဲ့ပညာရေးနှင့်
ပညာရေး ထောက်ပံ့မှု အစီအစဉ်များ ကိုလည်းကောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာ
ကဏ္ဍများအတွက် ပညာရေးထောက်ပံ့မှုများလျာထားကြောင်း သိရသည်။
အခြေခံပညာကဏ္ဍတွင်
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် ၌ အခမဲ့မူလတန်းပညာရေးနှင့် အလယ်တန်းပညာရေးတို့ ကို ဆောင်ရွက်ခဲ့ပြီး
လာမည့် ၂ဝ၁၅-၂ဝ၁၆ တွင် အခမဲ့ အထက်တန်းအထိ တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆
ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ ကဏ္ဍအခမဲ့ပညာရေးအတွက် စုစုပေါင်းကျပ် ၂၉ ဘီလီယံ ကျော်ကို သုံးစွဲရန်လျာထားသည်။
မူလတန်းအဆင့် ကျောင်းသား ငါးသန်းကျော်အတွက် တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊
ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်း ဝတ်စုံတစ်စုံစီကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား
၂ ဒသမ ၈ သန်းကျော်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို လည်းကောင်း၊ အထက်တန်း ကျောင်းသား
ရှစ်သိန်းကျော်အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များကို လည်းကောင်း အခမဲ့ဖြန့်ဝေမည်ဖြစ်သည်။
အခြေခံပညာသင်ဆုများအတွက်
မြို့နယ်တစ်ခုလျှင် သုံးဦးစီနှင့် မြို့နယ်ခွဲတစ်ခုလျှင် နှစ်ဦးစီဖြင့် အလယ်တန်း
ကျောင်းသား ၁၁၅၈ ဦးအတွက် တစ်ဦးလျှင် တစ်နှစ် ကျပ် နှစ်သိန်းစီနှင့် အထက်တန်းကျောင်းသား
၁၁၅၈ ဦး အတွက် တစ်ဦးလျှင် တစ်နှစ်ကျပ်သုံးသိန်းစီ ချီးမြှင့်ရန် လျာထားသည်။
အခြေခံပညာ
ကျောင်းထောက်ပံ့ကြေးများကို မူလတန်း ကျောင်းသားအရေအတွက် အနည်းအများအပေါ် မူတည်၍ တစ်ကျောင်းလျှင်
တစ်နှစ် ကျပ်ရှစ်သိန်းမှ ၁၆ သိန်းအထိ ပံ့ပိုးမည်ဖြစ်ပြီး ထောက်ပံ့ငွေ စုစုပေါင်းကျပ်
၄၆ ဘီလီယံကျော် သုံးစွဲမည်ဖြစ်သည်။
အဆင့်မြင့်ပညာကဏ္ဍတွင်
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ်အတွက် တက္ကသိုလ်ပညာသင်ဆုရရှိသော ထူးချွန် ကျောင်းသား များအား တစ်ဦးလျှင်
တစ်နှစ်ကျပ် ၁ဝ သိန်း နှုန်းနှင့် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ၂၆၄၄ဝ ကို မြို့နယ်အလိုက်
စိစစ်ရွေးချယ်၍ ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင် တစ်နှစ်ကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်း
ကျပ် ၇ ဒသမ ၆ ဘီလီယံ သုံးစွဲရန် လျာထားသည်။
နည်းပညာနှင့်
သက်မွေးပညာကဏ္ဍတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် ဆရာအတတ်ပညာ ဒီပလို မာ၊ လုပ်ငန်းခွင်အကြို
မူလတန်းဆရာအတတ်ပညာ၊ သူနာပြုဒီပလိုမာ၊ သားဖွားဒီပလိုမာ၊ အစိုးရစက်မှုလက်မှု သိပ္ပံ၊ အစိုးရနည်းပညာအထက်တန်း
သင်တန်းသားများအတွက် တစ်ဦးလျှင် တစ်နှစ်ကျပ်သုံးသိန်းနှုန်းဖြင့် သင်တန်းသား ၂၆ဝဝဝ
ကျော်အတွက် စုစုပေါင်းကျပ် ရှစ်ဘီလီယံကျော် သုံးစွဲရန်လျာထားသည်။
ပညာရေးအသုံးစရိတ်များကို
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ ရေးနှစ်တွင် ကျပ် ၃၁ဝ ဒသမ ၄ဝ၁ ဘီလီယံ၊ ၂ဝ၁၂-၂ဝ၁၃ တွင် ကျပ် ၆၄၇ ဒသမ ၈၉၄
ဘီလီယံ၊ ၂ဝ၁၃-၂ဝ၁၄ တွင် ကျပ် ၉ဝ၉ ဒသမ ၄၅၉ ဘီလီယံ၊ ၂ဝ၁၄-၂ဝ၁၅ တွင် ကျပ် ၁၁၅၈ ဒသမ ၂၈ဝ
ဘီလီယံ သုံးစွဲခဲ့ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄ဝ၉ ဒသမ ၉၁၉ ဘီလီယံ သုံးစွဲရန်
လျာထားကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ်
တိုးမြှင့်သုံးစွဲလျက်ရှိရာ လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ ရေးနှစ်
ပညာရေးအသုံးစရိတ်၏ ငါးဆနီးပါးအထိ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲသွားရန်
လျာထား ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment