နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
တစ်မျိုးသားလုံး၊ ပြည်သူတစ်ရပ်လုံး အားကစား
လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် အားကစား ဝန်ကြီးဌာနအနေဖြင့်
နိုင်ငံတော်က ပေးအပ်ထားသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ အားကစားအဆင့်အတန်း
တိုးတက်မြင့်မားလာစေရေးအတွက် အားကစားလှုပ်ရှားမှုများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အမျိုးသား အားကစားပွဲတော်ကြီးကို ၁၉၉၂၊
၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး (၁၈)နှစ်တာကာလ ၂ဝ၁၅ ခုနှစ်သို့ ရောက်မှသာ
စတုတ္ထအကြိမ် မြောက် ပြန်လည်ကျင်းပရခြင်းဖြစ်သည်။ စတုတ္ထအကြိမ် အမျိုးသား အားကစား ပွဲတော်ကြီးကို
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ အားကစားကွင်း/ အားကစားရုံများတွင်
ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု အသင်းများနှင့် နေပြည်တော်
ကောင်စီနယ်မြေကိုယ်စားပြုအသင်း အပါအဝင် အသင်း ၁၅ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်တွင်
ဝဏ္ဏသိဒ္ဓိအား ကစားရုံ(B)၌ ကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၈
ရက်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း ၂၇ မျိုးထည့်သွင်းကျင်းပမည် ဖြစ်သည်။
အားကစားနည်းများအနေဖြင့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ကာယကြံ့ခိုင်မှု၊
လက်ဝှေ့၊ စစ်တုရင်၊ ခြင်းလုံး၊ စက်ဘီး၊ ဘောလုံး(ကျား၊မ)၊ ဖူဆယ်(ကျား၊မ)၊ ဂေါက်သီး၊
ဂျူဒို၊ ကရာတေးဒို၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ ဒိုင်ဗင်၊ ရိုးရာလက်ဝှေ့၊ စားပွဲတင်တင်းနစ်၊
တိုက်ကွမ်ဒို၊ တင်းနစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူးTriathlon (သုံးမျိုးစုံ)၊
ခရစ်ကတ်အားကစားနည်းများ ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၅ သင်းနှင့် စုစုပေါင်းပြိုင်ပွဲဝင်
အင်အား ကျား ၂၈၉၅ ဦး၊ မ ၁၄၆၆ ဦး စုစုပေါင်း ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိခဲ့သာ
အောင်မြင်မှုများကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်စေရန်နှင့်
၂ဝ၁၅ ခုနှစ် ဇွန်လအတွင်း စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရယူနိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့်
မျိုးဆက်သစ်များပေါ်ထွက်လာရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဖွင့်ပွဲ/ပိတ်ပွဲအပါအဝင်
အားကစား ပြိုင်ပွဲ အားလုံးကို အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် ကွင်းဝင် ပေါက်ဂိတ်အမှတ်
(၁) ဂိတ်မှလွဲ၍ ကျန်ဂိတ်များအားလုံး၌ လုံခြုံရေးအရ စစ်ဆေးခံ၍ အခမဲ့ ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြသည်။
No comments:
Post a Comment