Friday, February 13, 2015

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင် စကားသံများ ...

ဝင်းဝင်းမော်
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၊ ဥပဒေ ပြုလွှတ်တော်၊ ပညာရေးပြုပြင် ပြောင်း လဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)နှင့် ကျောင်းသား ကိုယ်စား လှယ်များ ပါဝင်သော တတိယ အကြိမ်မြောက် လေး ပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၁)ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ စကားသံ များအား ပြန်လည်ဖော်ပြ လိုက်ပါသည်။

မောင်ဇေယျာလွင် (ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
ဒီနေ့ဆွေးနွေးပွဲမှာ ရလဒ်အနေနဲ့ မူဝါဒအားဖြင့် တိုးတက်မှုရတယ်။ ဒီနေ့ အခြေအနေကို သပိတ်မှာရှိတဲ့ ကျောင်းသားတွေ အားလုံးကို ချပြပြီး ကျောင်းသားထုနဲ့ သဘောတူ ညှိနှိုင်းမှုယူပြီး သပိတ်ကိစ္စကို ဘယ်လို ဆက်သွားမလဲ၊ ကျွန်တော်တို့ ဘက်က သဘောထားတွေ ဘယ်လို ရှိသလဲ ဆိုတာ အစိုးရကို ပြန်လည် တင်ပြမယ်။ ဒါက ၁၄ ရက်နေ့မှာ ပြန်လည်ဆွေးနွေးမယ့် သပိတ်နဲ့ ပတ်သက်ပြီး သဘောထားပါပဲ။
(၁၁)ချက်ကို မူအားဖြင့် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမှုရခဲ့တယ် ဆိုပေမယ့် ဒုတိယအဆင့် အနေနဲ့ အာမခံချက် တစ်ခုရခဲ့ပါတယ်။ ပညာရေး ဝန်ကြီးဌာနက ကျွန်တော်တို့နဲ့ ၁၄ ရက်နေ့မှာ ညှိနှိုင်း ရေးဆွဲပြီးတော့ ၁၆ ရက်နေ့အမီ လွှတ်တော် တင်ပေးမယ်ဆိုတဲ့ အာမခံချက် ရခဲ့ပါတယ်။
တတိယ ဖြစ်စဉ်အနေနဲ့ နောက်ဆုံး အပြီးသတ်ဥပဒေ ပြင်ဆင်ရေးကိစ္စ ကျန်ပါ သေးတယ်။ ဒီကိစ္စကို လွှတ်တော်မှာ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာ စောင့်ကြည့် ရပါမယ်။
မဖြိုးဖြိုးအောင်(ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
ဒီပွဲရဲ့ရလဒ်က ဒီနေ့ အနေအထားအရ အချက် (၁၁)ချက်ကို သူတို့ သဘောတူတယ်။ လေးဖွဲ့လုံးကလည်း အချက်(၁၁)ချက်ကို တချို့စကားလုံး အနည်းငယ် ပြင်တာက လွဲလို့ အချက် (၁၁)ချက်ကို သဘောတူတယ်။ ဒါပေမယ့် ကျွန်မတို့ ဥပဒေထဲမှာ အသေးစိတ် ပြင်ဆင်ဖို့ လိုတယ်။ ကျွန်မတို့ (၁၄)ရက်နေ့မှာ ဆွေးနွေးပွဲ ဆက်လုပ်ဖို့ ထပ်ပြီးတော့ ချိန်းထားပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာနပါ။ ဒီ(၄)ဖွဲ့လုံး ဥပဒေ တစ်ခန်းချင်းစီအလိုက် ဆွေးနွေးတဲ့ အဆင့်ကို ပြန်သွားမှာ ဖြစ်ပါတယ်။
ဒေါ်ညိုညိုသင်း(NNER)
တကယ့်ကို အခြေခံကျတဲ့ မူဝါဒတွေ ချမှတ်နိုင်ခဲ့တဲ့ အတွက်ကြောင့် အန်တီတို့ ဒီနေ့အဖို့ ကျေနပ် ပါတယ်။ ဆွေးနွေးပွဲ ရလဒ်က ကျောင်းသားတွေ တောင်းဆိုထားတဲ့ (၁၁)ချက်ပေါ့။ (၁၁)ချက်လုံး ပေါ်မှာ မူအားဖြင့် အားလုံး သဘောတူညီခဲ့တယ်။ သဘော တူညီခဲ့တဲ့အချက်ကို ရခဲ့တယ်။ တစ်ခါထပ်ပြီးတော့ အစိုးရပိုင်းက ကျောင်းသား သပိတ်တွေကို ရပ်နားဖို့ တင်ပြတယ်။ ဒီအပိုင်း မှာလည်း ကျောင်းသားတွေဘက်က သူတို့ရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။
Moderator တွေလည်း တော်တယ်။ နောက်ပြီးတော့ အထူးသဖြင့်က ရိုးသားတာကို တွေ့ရတယ်ပေါ့နော်။ ဥပမာ အစိုးရ ဘက်ကလာတဲ့ တာဝန်ခံ ဝန်ကြီးဆိုလဲ ရှင်းရှင်းလင်းလင်းပဲ သူကပြောတယ်။ ကွေ့ဝိုက်ပြီး ပြောနေတာ တွေမတွေ့ရဘူး။ ရှင်းတယ်။ ရှင်းတဲ့ အတွက်ကြောင့်လို့ ကိုယ်က ပြောရတာကောင်း တယ်။ လွှတ်တော်ဘက်ကလဲ အဲဒီလိုပဲ။ လွှတ်တော်ဘက်က ဦးဆောင် ဆွေးနွေးတဲ့ ဦးသိန်းဆွေကလည်းပဲ သူတို့ရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပဲပြောတယ်။ ဒါကြောင့်လို့ ရှင်းလင်းမှု၊ ရိုးသားမှုဟာ ဆွေးနွေးပွဲတစ်ခု အောင်မြင်ရေးအတွက် အဓိကသော့ချက် ဖြစ်တယ်လို့ အန်တီက ဒီပွဲကြီးကနေ သင်ခန်းစာ ရပါတယ်။ တစ်ခြား ဖြည့်စွက်ပြောချင် တာက ဒီနေ့ ဒီဆွေးနွေးပွဲဟာ တကယ့်ကို နိုင်ငံတော် အဆင့် ဆွေးနွေးပွဲဖြစ်တယ်။ အဲဒီဆွေးနွေးပွဲကြီးကို ကျင်းပတဲ့ နေရာမှာလည်း (၄)ဖွဲ့စလုံးက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု ထားပြီးတော့ ဆွေးနွေး သွားတယ်။ နောက်ပြီးတော့ အင်မတန် အရေးကြီးဆုံးဖြစ်တဲ့ (၄)ဖွဲ့စလုံးရဲ့ ရိုးသား မှုကိုလည်းပဲ မြင်နေရတယ်။ အထင်သား ပေါ်လွင်နေတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲဟာ ဒီနေ့ အောင်မြင်တယ်လို့ မှတ်ချက်ချပါတယ်။
ဦးသန့်ရှင်း(ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန)
(၁)ရက်နေ့က ဒီစိန်ရတုမှာကျန်ခဲ့တဲ့ precondition (၂)ချက်ကို ဆွေးနွေးတယ်။ သူတို့ တောင်းဆိုတဲ့ (၁၁)ချက်ကို ဆွေးနွေး တယ်ပေါ့။ အားလုံးဟာ ဆွေးနွေးရင်းနဲ့ ပညာရေးကဏ္ဍ မြှင့်တင်ရေးကို (၄)ဖွဲ့လုံးက လိုလားကြတယ်။ နိုင်ငံတော်ရဲ့ ပညာ အရည်အချင်း မြင့်မားရေး၊ အရည်အသွေး မြင့်မားရေးကို အားလုံး လိုလားကြတဲ့ အပေါ်မှာ ဦးတည်ချက်က တူညီတဲ့ အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို မူတည်ပြီးတော့ ဆွေးနွေးသွားတဲ့အခါ အောင်မြင်တဲ့ ရလဒ်တွေ ရခဲ့ပါတယ်။ ဒါဟာလည်း ဒီ Process မှာ တစ်ခါမှမရှိဘူးခဲ့တဲ့ အစိုးရ၊ လွှတ်တော် နောက်ဆန္ဒပြတဲ့ ကျောင်းသားတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း NNER တို့ အကုန်လုံး ပေါင်းပြီးတော့ ပြသနာတစ်ရပ် ဖြစ်လာရင် ဆွေးနွေးတာနဲ့ အဖြေရှာမယ် ဆိုတာကို ဆုံးခန်းတိုင် တဖြည်းဖြည်း လုပ်တဲ့အတွက် အောင်မြင်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလို ပါတယ်။
ဒီဆွေးနွေးတဲ့ အကြောင်းအရာသည် ကိုယ်ကျိုးစီးပွား တစ်ခုမှမပါနဲ့ တိုင်းပြည်နဲ့ လူမျိုး၊ ပညာရည်မြင့်မားရေး အတွက် ဘာလုပ်ရမလဲဆိုတဲ့ အမြင် ဦးတည်ချက်ကို မူတည်ပြီးတော့ ဆွေးနွေးခဲ့တဲ့ အတွက် အားရ ကျေနပ်မိပါ တယ်။ နောက်နေ့(၁၄) ရက်နေ့ (၉)နာရီခွဲမှာတော့ အသေးစိတ် ဥပဒေကြမ်းမှာ ဘယ်လို ထည့်မယ် ဆိုတာကို ဆွေးနွေးဖို့ရှိပါတယ်။ ဒါဆွေးနွေးပြီးရင် ဒါအတည်ပြုမယ်၊ ဖြစ်နိုင်တယ်ဆိုရင် (၁၅) (၁၆)ရက် လောက်မှာ လွှတ်တော်ကို အမြန်ဆုံး ပေးပို့ပြီးတော့ အတည်ပြုနိုင်ဖို့၊ လွှတ်တော်ရဲ့ Process နဲ့အတူ ဆက်လက် ဆောင်ရွက်သွားဖို့ လုပ်နေပါတယ်လို့ ပြောချင်ပါတယ်။
ရန်ကုန်မြို့ရဲ့လူဦးရေနဲ့၊ ကားကြပ် တည်းမှု၊ ယာဉ်ကြပ်တည်းမှုတွေ ရှိတဲ့အခါမှာ ကိုယ့်ဘာသာ ဘယ်လိုပဲ စည်းကမ်းရှိရှိ သွားချင်တယ်ပဲ ပြောပြော ဒီမှာ နဂိုရှိတဲ့ဟာနဲ့တင် လူအားလုံးဟာ သွားရေးလာရေးနဲ့ စိတ်ဖိစီးမှုရှိတဲ့ အတွက် သဘော ကျသည်ပဲ ဖြစ်စေ၊ မကျသည်ပဲဖြစ်စေ တစ်ခုခုပေါက်ကွဲ ခဲ့လို့ရှိရင် ထိန်းဖို့ ခက်တယ်လေ။ ဒါကြောင့်ပါ။ စိုးရိမ်မှုဆိုတာ ထိန်းဖို့ခက်တဲ့ စိုးရိမ်မှုပါပဲ။ သူတို့လည်း အတတ်နိုင်ဆုံး သူတို့ရဲ့ စစ်ကြောင်းတွေကို ဒီဆွေးနွေးပွဲ ရလဒ်တွေ အကုန်လုံး ရှင်းပြမယ်ပေါ့။ ရှင်းရှင်းပြောရရင် သူတို့ တောင်းဆိုတဲ့ အချက်တွေမှာ ပထမနေ့က (၇)ချက်ကို လိုက်လျောတယ်။ အခု(၂) ချက် ဆွေးနွေးပေးတယ်။ ပြီးတော့ လိုလားတဲ့ (၁၁)ချက်လည်း ဘယ်လိုလုပ်မယ် ဆိုတဲ့ Process အထိ ဆွေးနွေး ပြီးသွားပြီ ဖြစ်တဲ့ အတွက် win win ဖြစ်အောင်တော့ သူတို့လည်း ဆွေးနွေးကြမှာပါ။ ပြောရမယ်ဆိုရင်တော့ ဒီဦးတည်ချက် ထားတဲ့ (၁၁)ချက်လုံးကို အောင်မြင်စွာ ဆွေးနွေးနိုင်တယ် ဆိုတော့ ရာနှုန်းပြည့်ပေါ့။
ဦးဇော်မြင့်ဖေ (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)
လေးဦးလေးဘက် သဘော တူညီမှုရပါတယ်။ ဒါကတော့ ဒီမိုကရေစီ ယဉ်ကျေးမှု ပေါ့လေ။ အသီးအပွင့်ပေါ့။ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပညာရေးအဖွဲ့ရယ်၊ ကျောင်းသားတွေရယ် ဒီလို ပွင့်ပွင့် လင်းလင်း ဆုံဆည်းဖို့ဆိုတာ တော်တော်လေးကို သမိုင်းမှာ မရှိခဲ့တဲ့ဟာပါ။ ဒီလို တွေ့ဆုံ ဆွေးနွေးမှု ဆိုတာက မရှိခဲ့တာ တော်တော်ကြာပါပြီ။ အဲဒီလို ဖြစ်လာတယ် ဆိုတာ အောင်မြင်မှုပါ လွှတ်တော်ပိုင်းကလည်း တတ်နိုင်သမျှ အကူအညီပေးတယ်။ အစိုးရပိုင်းကလည်း လိုက်ရော တယ်။ ကျောင်းသားတွေမှာလည်း ကျောင်းသားတွေ အခက်အခဲရှိတယ်။ ပညာရှင်တွေကလည်း ပညာရှင်တွေ မြင်တာတွေ ကို ပြောတယ်။ အဲဒီတော့ အဲဒီ(၁၁) ချက်ကို ပျက်သွားမှာ သိပ်ကြောက် တယ်။ အကယ်၍ပေါ့ ဒီကျောင်းသား သပိတ်က အကြောင်း အမျိုးမျိုးကြောင့် မတော်တဆ ပယောဂတွေ ဝင်လာပြီး မထိန်းနိုင် မသိမ်းနိုင်ဘဲဖြစ်မှာ ကို ကျောင်း သား ခေါင်းဆောင်တွေကလည်း ကြောက်တယ်။ အန်ကယ်တို့ကလည်း ကြောက်တယ်။ ဒါကြီးက ပူဆူမှု ဖြစ်သွားခဲ့သော် ဘယ်လို ထိန်းမလဲ။ ပြီးတော့ ဒီနေ့ရထားတဲ့ ဒီ Achievement  အချက်(၁၁) ချက်ဆိုတာ နည်းတာ မဟုတ်ဘူး။ ကျောင်းသား သမဂ္ဂတွေ တည်ထောင် ခွင့်ပြုတဲ့အပြင် ကျောင်းသားတွေ လိုချင်တဲ့ ဟာတွေကို ဖြစ်အောင်ဆိုတာ တော်တော်ကို Breakthrough လုပ်ရတယ်။ တော်တော် ကိုကြိုးစားရတဲ့ အခြေအနေမျိုးပါ။ ဒါက ခြုံကြည့်လိုက်မယ်ဆိုရင် ကျောင်းသားရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပညာရှင်တွေရယ် ကြားထဲမှာဒီလို Agreement မျိုးဆိုတာ ရခဲပါတယ်။ အဲ့ဒါကြောင့် တစ်ပိုင်းကတော့ ဝမ်းသာရတယ်။ တစ်ပိုင်းကတော့ သူတို့လည်း ကျောင်းသား သပိတ် စစ်ကြောင်းတွေဆီကို သွားပြီး ရှင်းလင်းမယ်။ ရှင်းလင်းမယ်ဆိုရင် ကျောင်းသား သပိတ်က ရန်ကုန် ဝင်ချင်မှဝင်မယ်။ လွှတ်တော် အပိုင်းကတော့ ဒီအစိုးရအဖွဲ့က ပို့လိုက်ရင် ဦးစားပေးပြီးတော့ စဉ်းစား ဆွေးနွေးသွားမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
သူတို့လည်း သူတို့ဘရိတ်ကို တော်တော်လေး နင်းနေရတယ်လေ။ သူတို့ ဒီနေ့ ရောက်အောင် သွားမယ့် ကျောင်းသား သပိတ်နေရာတွေ ရှိတယ်။ ဒီနေ့ရရှိတဲ့ သဘော တူညီချက်တွေကို ကြေညာမှာပဲ။ အဲဒီလို ရှင်းလင်း လိုက်ရင်တော့ အန်ကယ်ထင်တာတော့ ပျော့ပြောင်းသွားမယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်စုစုလွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) 
ဟုတ်ကဲ့ပါ ကျွန်မ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပါ၊ ဒီနေ့ဆွေးနွေးပွဲက အများသိတဲ့အတိုင်းပဲ ဒါသမိုင်းဝင်နေ့ တစ်နေ့လို့ပဲ ပြောချင်ပါတယ်။ ဒီနေ့ဆွေးနွေးတဲ့ အခါမှာ ပါဝင်တဲ့အဖွဲ့ (၄)ဖွဲ့စလုံး ပွင့်ပွင့်လင်းလင်းနဲ့ ကြည်ကြည်လင်လင် ဖြစ်အောင် ဆွေးနွေးကြတယ်။ အတိုင်းအတာ တစ်ရပ်အထိတော့ အခု အောင်မြင်မှုရတယ်။ ဒါပေမယ့် ဆက်လက်ပြီး အားလုံးလက်ခံနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်အောင် ဆက်ပြီး အလုပ် လုပ်သွားရမှာပါ။ ဒါပေမယ့် ဒီလိုဆွေးနွေး နိုင်တဲ့အဆင့် အထိ ဖြစ်လာဖို့ ဆိုတာကတော့ တော်တော်လေး ဖြတ်သန်းလာခဲ့ရတာပါ။ အဲဒီက အတွေ့အကြုံတွေနဲ့ ပါဝင်တဲ့လူတွေ နိုင်ငံသူနိုင်ငံသားတွေကအတွေ့ကြုံယူရမယ့် အနေအထား တစ်ခုဖြစ်ပါတယ်။
အန်တီအနေနဲ့ကတော့ အားလုံးအတွက် ကျေကျေနပ်နပ် ဖြစ်နိုင်မယ့် ရလဒ် တစ်ခုကို ရစေချင်ပါတယ်။ အထူးသဖြင့် အန်တီက ပညာရေးလုပ်ငန်း လုပ်ခဲ့ဖူးတဲ့သူ ဖြစ်တဲ့အတွက် ဒီကျောင်းသားတွေနဲ့မက အများစုက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ အခြေခံပညာမှာ ပညာသင်ကြားနေတဲ့ ကလေးတွေ အတွက် နောင်မှာ အရည်အသွေး အာမခံပေးနိုင်မယ့်၊ အာမခံချက် ရှိနိုင်မယ့် ပညာရေးစနစ် ပေါ်လာနိုင်အောင် အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ကြရမယ်လို့ ယူဆပါတယ်။ ဥပဒေ တစ်ခု ထွက်သွားယုံနဲ့တော့ မပြီးသေးဘူး။ ဒီရလာတဲ့ ဥပဒေအပေါ်မှာ အကောင် အထည်ဖော်နိုင်ဖို့ ပိုပြီး အရေးကြီးပါတယ်လို့ ထင်ပါတယ်။
ဒေါက်တာစိုးဝင်း (ညွှန်ကြားရေးမှူးချုပ်)
ဆရာကတော့ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စိုးဝင်းပါ။ ဆရာတို့ ပညာရေးဌာန အနေနဲ့ ဒီကပြီးရင် နောက်ထပ် လာမယ့် Process ကတော့ ဒီဟာကို မြန်မြန် ပြင်ဆင်ပြီးရင် လွှတ်တော်ကို မြန်မြန်တင် ဖို့ပဲ ဆရာတို့ဘက်က ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲဒီဟာတော့ ဆရာတို့ မပြတ်သေးဘူး။ လောလောဆယ်ကတော့ ဆရာတို့ခုနက ပြောတဲ့ အမျိုးသားပညာရေး ဥပဒေမှာ ပြင်ရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ၁၄ ရက်နေ့မှာ ပြန်တွေ့မယ်လို့ ညှိနှိုင်း ထားပါတယ်။ ဒီတော့ ဆရာတို့မှာ အမျိုးသား ပညာရေးဥပဒေကို ပြင်ရမယ့်အချက် တွေရှိတယ်။ အဲဒီအချက်တွေကို ဦးစားပေးပြီးတော့ ပြင်သွားနိုင်တယ်။ တစ်ချို့ အချက်တွေကလည်း ဒီနေ့ထဲက တစ်ခါထဲပြတ်ပြီးသား။ တစ်ချို့ အချက်ကလည်း အဲဒီနေ့ကျမှ ညှိရမယ့် အပိုင်းလေးတွေ နည်းနည်း ပါးပါးတော့ပါတယ်။ အရင်ညှိတဲ့ အချက်ကတော့ NNER ကလည်း ဒီအဖွဲ့ပဲ။ ကျောင်းသားလဲ ဒီအဖွဲ့ပဲ။ ဆရာတို့ဘက်ကတော့ ဥပဒေ ရေးဆွဲရေး အဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့နဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ အဲ့ဒါတော့ အချက်တွေကများတယ်။ ရလဒ်ကတော့ ကောင်းပါတယ် ဘာပဲပြောပြော သူတို့ ပြောတဲ့(၁၁)ချက် အပေါ်မှာ ဝိုင်းပြီးစဉ်းစား သဘောတူညီချက်လည်း ရတာပေါ့။
ဒေါက်တာကျော်သူ(Moderator)
ဆွေးနွေးပွဲအားလုံး ရိုးရိုး ဖြောင့်ဖြောင့် ရှိတယ်။ ရိုးရိုးသားသား ရှိတယ်။ ပွင့်ပွင့် လင်းလင်း ရှိတယ် အဲ့ဒါကြောင့် တကယ့်လက်ရှိ အခြေအနေ အနေအထားကို ထင်ဟပ်တဲ့ ကြေညာချက် ထွက်တယ်။ အခက်အခဲတွေ ရှိတုန်းဘဲ ဥပမာ ကျောင်းသားသပိတ် စစ်ကြောင်းက ရပ်လို့ မရသေးဘူး။ အဲ့ဒါကို အစိုးရကို အသိ ပေးထားတယ်ပေါ့။ အစိုးရကလည်း ပူပန်တဲ့ဟာတွေကို ပြောတယ်။ ဥပမာ လုံခြုံရေး အဲ့ဒီတော့ ကျွန်တော်တို့ ဆက်ပြီးထိတွေ့မှုကို ပိုပြီးနီးနီးစပ်စပ် တစ်ဖက်နဲ့တစ်ဖက် တွေ့ ဆုံ ဆွေးနွေးပြီးတော့ နောက်ထပ် အဖြေထပ်ရှာမယ်။ ဒီဟာတွေ ထိခိုက် မသွားအောင် ပျက်ပြားမသွားအောင် ဆက်လုပ်ပေးမယ်။
မောင်နန်းလင်း (ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
ကျွန်တော်တို့ အကောင်းမွန်ဆုံး ဖြစ်အောင် သေသေချာချာ ကြည်ကြည် လင်လင် ဆွေးနွေးနိုင်ခဲ့တယ်။ ဥပဒေမှာ ထည့်သွင်းဖို့ကိစ္စကိုလည်း ရခဲ့တယ် နောက်ဆုံး ဘတ်ဂျက်လိုမျိုး ဥပဒေမှာ ထည့်သွင်းဖို့ ခက်တဲ့ကိစ္စမျိုးမှာ ကျွန်တော်တို့ (၄)ဖွဲ့လုံးက ညှိနှိုင်းတိုင်ပင် ပြီးတော့ သေချာ တိုင်ပင်တယ်။ ဥပဒေမှာ ထည့်ဖြစ်သွားအောင် ကြိုးစား နိုင်ခဲ့တယ် ဆိုတော့ ဒီနေ့ ဆွေးနွေးပွဲ အနေအထားဆိုရင် အားရတယ်၊ ကျေနပ်တယ်။ ကျွန်တော် တို့ရဲ့ တောင်းဆိုချက်တွေက တစ်ဖြေးဖြေး ပိုပြီး နီးစပ်လာတယ်။ တစ်ဆင့် လွှတ်တော်မှာ အတည်ပြုဖို့ ကျန်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ကလည်း ဒီအချက်တွေ ပါလာအောင် ကြိုးစားပေးပါမယ် ဆိုတဲ့ ကတိလည်း ကျွန်တော်တို့ ရခဲ့တယ်။ ဒီနေ့ဆွေးနွေးပွဲက တော်တော်လေး အားရဖို့ ကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုပါ။
ကျွန်တော်တို့ စစ်ကြောင်းတွေကိုပြန်ညှိပြီးတော့ ကျွန်တော်တို့(၁၄)ရက်နေ့မှာ အဖြေတစ်ခု ပေးနိုင်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။

No comments:

Post a Comment