မြန်မာ့သတင်းစဉ်
ပင်လုံစာချုပ်ကို အခြေခံပြီး လွတ်လပ်ရေးရရှိခဲ့သော
မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် ပြည်ထောင်စု နေ့တွင် ဒုတိယ အကြိမ် မော် ကွန်း တင်နေ့ အဖြစ်
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ရေးထိုးနိုင် မည်ဟု
မျှော်မှန်း လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ ထိုသို့ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသော်လည်း
တွေ့ဆုံညှိနှိုင်းမှုများမှ ကတိကဝတ်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက်
ငြိမ်းချမ်းရေး တံခါးဖွင့်နိုင်ရန် ရှေ့သို့ တစ်လှမ်း တက်နိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့
ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး အသိုင်းအဝိုင်း အသီးသီးမှ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြ သူများ၏
ပြောကြား ချက်များကို ပြန်လည် ဖော်ပြလိုက် ပါသည်။
ဦးစိုင်းအိုက်ပေါင်း
(သစ်တော/သတ္တုဝန်ကြီး)
ရှမ်းပြည်နယ်အစိုးရအဖွဲ့
လက်နက်ကိုင် ပဋိပက္ခမဖြစ်ချင်ရင် ဖက်ဒရယ် ပြည်ထောင်စု
ပုံစံသွားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက်ရော ဖက်ဒရယ်
ဖွဲ့စည်းပုံအတွက်ပါ လမ်းစပွင့်သွားပြီလို့တော့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့
နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ ပုံစံရအောင် မြန်မြန် ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးကို
မြန်မြန်လုပ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ရပါမယ်။ နိုင်ငံရေးဆွေးနွေးပွဲအတွက်
ပါတီ ၅၆ ပါတီက မူကြမ်း ဆွဲထားပြီးသားပါ။ သဘောလည်း တူပါတယ်။ NLD တို့ USDP တို့နဲ့ပေါင်းပြီးတော့
နည်းနည်းပဲ ညှိစရာ လိုပါတော့တယ်။ ပုံစံလည်း ထွက်ထားပြီးသားပါ။
ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး)
ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ဒီနေ့ အခမ်းအနား လေးကတော့ တော်တော်ကောင်းတဲ့ အခမ်းအနား
လေးပါ။ အောင်လည်း အောင်မြင် ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ခဲ့လို့ နှစ်ပေါင်း
၆ဝ ကျော် ဘာအဖြေမှ မထွက်ဘူး။ တပ်မတော် ဘက်ကလည်း ကျဆုံးတဲ့သူတွေ အများကြီး၊ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တွေကလည်း အများကြီး သေဆုံးခဲ့ပါတယ်၊ အဖြေထွက်လား ဆိုတော့လည်း အဖြေမထွက်ဘူး။
ဒီနေ့ နိုင်ငံရေး ယဉ်ကျေးမှုအရ လက်နက်ကိုင် ဖြေရှင်းတာ ခေတ်မမီ တော့ပါဘူး။ စားပွဲပေါ်မှာ
win-win solution အရ ဆွေးနွေးနေကြတဲ့ ခေတ်ဖြစ်နေပြီ။ လက်နက် ကိုင် ဆွေးနွေးနေကြတဲ့
နိုင်ငံတွေဟာ ဆင်းရဲကုန်ကြပြီ။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေကတော့ အဆိုးဆုံးပေါ့။ နိုင်ငံတိုင်း
နိုင်ငံတိုင်းမှာ မူဝါဒပိုင်းဆိုင်ရာ ပဋိပက္ခဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့
မရှိတော့ဘူး။ အားလုံးက ဒီမိုကရေစီ ကိုပဲ လိုလားကြတယ်။ ဒါ့ကြောင့် ရည်ရွယ်ချက် တူတဲ့အတွက်
စားပွဲဝိုင်း ပေါ်မှာ ဆွေးနွေးလို့မရနိုင်တာ မရှိပါဘူး။ ဒီနေ့ပွဲမှာ ကတိကဝတ်ကို လက်မှတ်
ထိုးကြတယ်။ မထိုးနိုင်တဲ့အဖွဲ့တွေက mandate မပါလာလို့ ပြန်တိုင်ပင်မယ်၊ ပြန်ထိုးမယ်။
ဒီနေ့ နိုင်ငံရေး ယဉ်ကျေးမှုက အမျိုးသား အကျိုးစီးပွားကို ဦးစားပေးတဲ့ခေတ် ဖြစ်သွားပြီ။
ဒေါ်ဂျာတောင်
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
အခုလို အစည်းအဝေးမှာ တက်ရောက်ရတဲ့ အတွက် ဗဟုသုတအများ
ကြီးရပါတယ်။ ဒီနေ့လက်မှတ် ရေးထိုးတာမှာလည်း အန်တီတို့အဖွဲ့အစည်းရဲ့ ခံယူချက်တွေ ဆန္ဒတွေနဲ့
တူညီတဲ့အတွက် သဘော တူပါတယ်။ NCT အတွက်လည်း ရွေးကောက်ပွဲပြီးမှ ဆိုတာမျိုးလို ဒီနေ့
ဆွေးနွေးနေကြတာ ရှိပါတယ်။ ဒါပေမယ့် အန်တီတို့ကတော့ ပြည်သူလူထု အားလုံးရဲ့ တညီ တညွတ်တည်း
ဆန္ဒကသာ အဓိကပေါ့။ ပြည်သူတွေစိုးရိမ်သလို ခံစားရ သလို အန်တီတို့လည်း ထပ်တူထပ်မျှ ခံစားရပါတယ်။
ပြည်သူတွေ မျှော်လင့် နေတဲ့အတိုင်း၊ ဆန္ဒအတိုင်းလည်း တစ်နေ့ဖြစ်လာမယ်လို့လည်း ယုံကြည်ပါ
တယ်။
ဦးစောချစ်သန်း
(တွဲဖက်အတွင်းရေးမှူး)
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်
ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဒီနေ့ပွဲကတော့ တကယ် စိတ်ချမ်းသာတဲ့ပွဲလို့ ကျွန်တော်
မြင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ လက်ခံပါတယ်။ ကတိကဝတ် လက်မှတ်လည်း ထိုးပါတယ်။ မထိုးဖြစ်တဲ့
ပါတီတွေကလည်း သူတို့ အမြင်အတွေးနဲ့တော့ မထိုး ဖြစ်တဲ့ ပါတီတွေလည်း ရှိပါတယ်။ ကတိထားတဲ့
အချက်တွေ ထဲမှာတော့ အဟန့်အတား ဖြစ်စရာ တစ်ချက်မှ မတွေ့ပါဘူး။ ကျွန်တော်တို့အမြင်ကတော့
မဖြစ်မနေ အခြေခံက စလုပ်ရတာဖြစ်လို့ သဘောတူတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ဖို့က အားလုံး ပူးပေါင်း ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့ ပြည်သူတွေကတော့ သိပ်အားရမယ်လို့ မထင်
သေးပါဘူး။
ပဒိုစောကွယ်ထူးဝင်း
(အထွေထွေအတွင်းရေးမှူး)
ကရင်အမျိုးသားအစည်းအရုံး
တိုက်ပွဲဆိုတာတော့ တစ်ဖက်ကပစ်ပြီး တစ်ဖက်က ပြန်မတိုက်ရင်
တိုက်ပွဲ ဆိုတာ မဖြစ်ပါဘူး။ ဒီပဋိပက္ခတွေကြောင့် ပြည်သူတွေ စိုးရိမ်ရတာက နှစ်ပေါင်း
၆ဝ ကျော်ပါပြီ။ အခုလည်း စိုးရိမ်နေတုန်းပဲ။ ကျွန်တော်တို့ အားလုံးကလည်း တတ်နိုင်တဲ့
နည်းလမ်းနဲ့ လုံးဝ အပစ်အခတ် ရပ်စဲဖို့ကို ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး
လုပ်တယ်ဆိုတာ စစ်တိုက်တာထက် ပိုပြီးတော့ ခက်ပါ တယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီး
ငြိမ်းချမ်းရေးရတဲ့အထိ ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ပူးပေါင်း ဆောင်ရွက်သွားမယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု
တွေကို ဆက်ပြီး တော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကဝတ်ပြုတာ ဖြစ်ပါတယ်။
အခု ရောက်မှ တင်ပြဆွေးနွေးတာ ဖြစ်တဲ့အတွက် ဆုံးဖြတ်တဲ့ အခက်အခဲ ရှိတာကြောင့်လည်း အကုန်
လုံးပါဝင် လက်မှတ် မရေးထိုးနိုင်တာလည်း ဖြစ်မယ်ထင်ပါတယ်။ ဒီမှာတင်ပြမယ့် အချက်အလက်
တွေကို သူတို့ မငြင်းပယ်ပါဘူး။ အကုန်လုံး လက်ခံပါတယ်။ ဒါပေမယ့် လက်မှတ် ထိုးဖို့ အဖွဲ့အစည်းရဲ့
ဆုံးဖြတ်ချက်မရလို့ မထိုးကြတာ ဖြစ်ပါတယ်။ ညှိနှိုင်းလို့ ရလို့ အကုန်လုံး သဘောတူတယ်
ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ် ထိုးနိုင်ဖို့က
မခက်ခဲပါဘူး။
နန့်ခင်အေးဦး
ကရင်ပြည်သူ့ပါတီ
အဖွဲ့ဝင်
ကျွန်မတို့ တိုင်းရင်းသားတွေ အတွက်ရော လက်နက်ကိုင်တွေ
အပါအဝင် အစိုးရအတွက်ပါ အဆင်ပြေတယ်လို့ ထင်တဲ့အတွက် ပါဝင် လက်မှတ် ရေးထိုးဖြစ်ခဲ့တာ
ဖြစ်ပါတယ်။ တချို့က သူတို့ ခေါင်းဆောင်တွေ ပါမလာကြလို့ ခေါင်းဆောင်တွေရဲ့ သဘောထားကို
မသိတဲ့အတွက် လက်မှတ် မထိုးကြတာလို့ ထင်ပါတယ်။ ကတိကဝတ် ဆိုတာကတော့ ပေးပြီးရင် အစိုးရမှာရော၊
လက်နက်ကိုင် အဖွဲ့အစည်းတွေမှာပါ တာဝန် ရှိပါတယ်။ ပြည်သူအများစုက စစ်မှန်တဲ့ ရေရှည်
တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖြစ်စေချင်ကြတယ်။ ကျွန်မအမြင်ကတော့ နှစ်ဖက်စလုံး
တစ်ဖက်နဲ့ တစ်ဖက် စစ်မှန်တဲ့ယုံကြည်မှု တည်ဆောက်ရမယ်။ အချက်အလက်တွေကို ညှိနှိုင်းတဲ့
အခါမှာလည်း လိုတိုးပိုလျှော့ ဆိုသလို တစ်ဖက်နဲ့တစ်ဖက် နည်းနည်းစီလျှော့ ပြီး ညှိနှိုင်းကြမယ်၊
တကယ် စိတ်စေတနာ မှန်မှန်နဲ့ လုပ်ဆောင်သွားကြမယ် ဆိုရင် ငြိမ်းချမ်းရေး မဖြစ်မနေရမယ်လို့
ယုံကြည်ပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း ငြိမ်းချမ်းရေးကို လိုချင်ရုံ တစ်ခုတည်း မဟုတ်ဘဲ
ပူးပေါင်းနိုင်တဲ့ ကိစ္စတွေကို ပူးပေါင်း ပါဝင်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။
ဦးခွန်မြင့်ထွန်း
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO)
အခု ကျွန်တော်တို့က ဒီအပေါ်မှာ လက်မှတ် မရေးထိုးတာ
မဟုတ်ဘူး၊ သဘော မတူညီနိုင်တာ မဟုတ်ဘူး၊ လက်မှတ်ထိုးမယ်၊ သဘောတူတယ်။ ကျန်တဲ့ ကျွန်တော်တို့
ညီနောင် တိုင်းရင်း သားတွေ နားလည်မှုလွဲတဲ့ ညီနောင် တိုင်းရင်းသားတွေ အားလုံး အတူတကွ
ပါဝင်ပြီးတော့မှ လက်မှတ် ရေးထိုးကြဖို့ ဆောင်ရွက်မလို့ပါ။ ဒါကြောင့် ကျွန်တော်တို့
အနေနဲ့ ပေါင်းကူး တံတားအဖြစ် နှစ်ဖက်စလုံးကို အနင်းခံပြီး ဆောင်ရွက်သွားဖို့ ဒီနေ့
ကတိပြု ပြောကြားတာ ဖြစ်ပါတယ်။
ဦးလှမောင်ရွှေ(အကြံပေး)
မြန်မာနိုင်ငံ
ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန
ဒီနေ့ လက်မှတ်ရေးထိုးဖို့ကို တိုင်းရင်းသား ခေါင်းဆောင်တွေက
အစပြုခဲ့တာလို့ ကျွန်တော် သိရပါတယ်။ ဒီနေ့ လက်မှတ် ရေးထိုးတယ် ဆိုတာ စာချုပ်မဟုတ်ပါဘူး။
ကတိကဝတ်ပြုတာ ဖြစ်ပါတယ်။ ကတိကဝတ်ပြုတယ် ဆိုတာ ကိုယ့် ကိုယ်ကိုယ် ကတိကဝတ်ပြုသလို ငြိမ်းချမ်းရေး
လိုချင်တဲ့ မိဘ ပြည်သူတွေကို ကတိကဝတ်ပြုတာလို့ နားလည်ပါတယ်။ ငြိမ်းချမ်း ရေးကို ဆက်သွားမယ်
ဆိုတဲ့ပုံစံကို သွားတာပဲ ဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ နောက်ဆုံးစာရင်းအရ (၅၅)ပါတီက
လက်မှတ်ရေး ထိုးတာ တွေ့ရပါတယ်။ တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉)ဦးလုံး လက်မှတ် ရေးထိုးတာ
တွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှာတော့ ကေအင်န်ယူ ဦးဆောင်တဲ့ ကရင်အမျိုးသားတွေ
လက်မှတ် ရေးထိုး တာတွေ့ ရပါတယ်။ ကျန်တဲ့အဖွဲ့တွေက သူတို့ရဲ့ဌာနချုပ်တွေမှာ သူတို့ရဲ့
အဖွဲ့အစည်းတွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီနေ့ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့ သမိုင်းမှာ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နောင်မှာပြု
လုပ်မယ့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်မယ့်သူတွေ အားလုံးက ဒီနေ့ ဒီနေရာမှာရှိပါတယ်။
အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ရှိပါ တယ်။ နိုင်ငံရေးပါတီ ကိုယ်စားပြုတဲ့သူတွေ
ရှိတယ်။ လက်နက်ကိုင်တွေရှိတဲ့ အတွက် ဒါဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအစလို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ အားလုံးဟာ ရှေ့ကိုဆက်ပြီးတော့ တကယ် ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ
ဖြစ်အောင် သွားနိုင်ဖို့ကိုလည်း ဒီနေ့ ကတိကဝတ် ပြုတယ်လို့ နားလည်ပါတယ်။ ငြိမ်းချမ်းရေး
ဖြစ်စဉ်ကို မိဘပြည်သူတွေကို ပြန်ပြီးတော့ သတင်းပြန်ပို့တဲ့ သဘောပါပဲ။ ကျွန်တော်တို့
တကယ် ဆက်ပြီးတော့ ဒါကို ယုံယုံ ကြည်ကြည်နဲ့ ဆက်သွားပါ့မယ်ဆိုတဲ့ ကတိပြုချက် သက်သက်ပဲ
ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အချို့က ထည့်သွင်းစေချင်တဲ့
အချက်ရှိပါတယ်။ အဲဒါက အမျိုးသား ပြည်နယ် များကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့စကားလုံးကို
ထည့်သွင်း စေချင် ကြပါတယ်။ အခုအချိန်မှာ ကြိုတင် စည်းကမ်း သတ်မှတ်မယ့်အစား နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးပွဲမှာ အများစုရဲ့ သဘောထားနဲ့ ဆုံးဖြတ်တဲ့ အတိုင်း ဆက်သွားသင့်ပါတယ်။
ကျွန်တော် တို့ သွားနေတဲ့ခရီးက တရွေ့ရွေ့နဲ့ သွားနေပေမယ့်လည်း ခရီးတော်တော် ရောက်နေပြီ
ဖြစ်ပါတယ် ။ ။
No comments:
Post a Comment