Friday, February 13, 2015

(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ   ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က တည်ခင်း ဧည့်ခံသည့် ၂၀၁၅ ခုနှစ် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့သည် အခမ်းအနားသို့ တက် ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီိများမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် တက်ရောက် လာကြသူများအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုလွှတ် တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး ဒေါ်ခင်ပြုံး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ  စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ ပြည်ထောင်စု တိုင်းရင်းသား တိုင်းရင်းသူများနှင့် တေးသံရှင်များက တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ညစာစားပွဲအပြီးတွင် တက်ရောက် လာကြသူများအား မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံ၌ ယဉ်ကျေးမှု ၀န်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတို့မှ ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရိုးရာ အက ပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ဖျော်ဖြေ တင်ဆက်မှု အစီအစဉ်အပြီးတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ကပြ ဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။

No comments:

Post a Comment