Tuesday, February 17, 2015

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား တွေ့ဆုံ ဆွေးနွေး






ရန်ကုန် ဖေဖော်ဝါရီ ၁၇

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး Training Centre ၌ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများအား တွေ့ဆုံ ဆွေးနွေးသည်။


ဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်ပြည်သူ့ ဆေးရုံ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင် မွမ်းမံနေသည်မှာ အချိန် အတိုင်းအတာတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် မှန်းထားသော်လည်း ယခု ဖေဖော်ဝါရီလပင် ရောက်နေပြီဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံ တိုးတက်မှုနှင့် အခက်အခဲများ အား နိုင်ငံတော်က မည်သို့ပံ့ပိုးပေးရမည်ကို သိရှိလိုကြောင်း၊ လူနာများကို တူညီဝတ်စုံများဖြင့် သီးခြားဖြစ်စေလိုကြောင်း၊ ထိုမှတစ်ဆင့် လူနာများအား ကျွေးမွေးနိုင်မည်၊ မကျွေးမွေး နိုင်မည်ဟူသည့် ကိစ္စများကိုလည်း သိရှိလိုကြောင်း၊ အရေးပေါ်ဌာနနှင့် ငါးထပ်ဆောင်ကို အဓိကထားအမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွား ရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် စပ်လျဉ်းသည့် အထွေထွေ ကိစ္စရပ်များကို  တင်ပြကြသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဆေးရုံကြီး တည်ဆောက်ရေး လုပ်ငန်းများ၊ တိုးချဲ့ ငါးထပ်ဆောင် လူနာများ ပြောင်းရွှေ့မှု၊ ပင်မဆောင်များပြုပြင် မွမ်းမံခြင်းလုပ်ငန်း၊ ပင်မဆောင်၏ လူနာ ဆောင်များ အမိုးများ ပြုပြင်ဆောင်ရွက်မှု၊ ပင်မဆောင်တွင် ဓာတ်လှေကား ၂ စင်း တပ်ဆင်ထားရှိမည့်နေရာ ၊ အရေးပေါ်ဌာန အကြီးစား ပြုပြင်ဆောင်ရွက်မှု၊ အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာန ပြုပြင်မှု၊ ၁၀၀၀ KVA ထရန်စဖော်မာ တပ်ဆင်မှု၊ ဆေးစတိုတည်ဆောက်ခြင်း၊ စာသင်ခန်းမများ ပြုပြင်နေမှု ၊ လာရောက်ပြသသော လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ ကျဆင်းအောင် ဖြည့်ဆည်းပေးမှု၊ ပြည်သူလူထု ကျန်းမာရေးအတွက် စိုက်ထုတ်သုံးစွဲငွေ လျော့နည်းကျဆင်းစေရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းပုံ တိုးမြှင့် ချထားပေးရန် တို့ကို တင်ပြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ သန်းထွဋ်က  ရေစီးရေလာနှင့် မိလ္လာစနစ်များ ကောင်းမွန်ရေး နှင့် ရေမြောင်းများ ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများ၊ ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေနေရာ ကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံသည့် ကိစ္စများကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အခက်အခဲများ ရှိလျှင်လည်း ဆက်သွယ် အကြံဉာဏ်ပေးနိုင်ကြောင်း၊ လုပ်ငန်းမြန်မြန် ပြီးစီးပါမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပုံရိပ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့်  ပါဝင်ဆောင်ရွက် သူများ၏ ပုံရိပ်များ ထင်ဟပ်လာမည်ဖြစ်ကြောင်း၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံ တည်ဆောက် ရေးတွင် အရေးပေါ်ဌာနနှင့် ငါးထပ်ဆောင်ကို အမြန်ပြီးစီးရန် အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန၊ အရေးပေါ် လူနာ စောင့်ကြည့်ဌာန ၊ ဓာတ်မှန်ဌာန၊  ငါးထပ်ဆောင်ရှိ ခွဲစိတ်ဆောင်(၃)  ၊ ခွဲစိတ်ဆောင်(၁)၊  ခွဲစိတ်ခန်းနှင့် ပင်မဆောင်ပြုပြင် မွမ်းမံ ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လူနာများနှင့် လူနာရှင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးသည်။

No comments:

Post a Comment