Friday, February 20, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဆင့်မြင့်အရာရှိကြီးများ အထူးမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သဘင် ဆောင်၌ကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများ အထူးမွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက  သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော်သမ္မတ မိန့်ကြားခဲ့ သည့် အတိုင်း ၀န်ထမ်းအဖွဲ့ အကြီးအမှူးများသည် အစိုးရအုပ်ချုပ်ရေး ယန္တရားကို ဦးဆောင် မောင်းနှင်နေကြသည့် Key Driver များ ဖြစ်ကြသူများ ပီပီ  မည်သည့်အစိုးရ တက်တက် နိုင်ငံတော်၏ မျှော်မှန်းချက် (Vision) နှင့် ကဏ္ဍအလိုက် မဟာဗျူဟာ လုပ်ငန်းစဉ် (Strategy) များ၊ နည်းဗျူဟာ (Tactics) များနှင့် အကောင်ထည်ဖော် ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ လုပ်ဆောင်နိုင်ရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ အုပ်ချုပ်စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည် မြင့်မား တိုးတက် စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ အခြေခံမူများ အရ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက် ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရန် မျှော်မှန်း ထားသကဲ့သို့ ပြည်သူများ၏ ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းရန် အစိုးရက ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွါးတိုးတက်ရေး တည်းဟူသော ပြည်သူတို့၏ လိုအင် ဆန္ဒကိုဖြည့်ဆည်းရန် ဟူသည့် မျှော်မှန်းချက်ဖြင့် "အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်တည်ဆောက်ရန်" ဟူသည့် နိုင်ငံ တော်၏ မျှော်မှန်းချက် (Vision) ကို ချမှတ်ထားပါကြောင်း၊
နိုင်ငံတော်၏ ရည်မှန်းချက် တာဝန် (Mission) မှာ သက္ကရာဇ် ၂၀၂၀ တွင် မြန်မာ နိုင်ငံအား စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်၊ အဆင်းရဲဆုံး နိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်အောင် ဆောင်ရွက် ရန်၊ အလယ်အလတ်အဆင့် ၀င်ငွေရရှိသော နိုင်ငံဖြစ်အောင် ဆောင်ရွက်ရန် စသည့် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် ဟူ၍ နိုင်ငံတော်သမ္မတကြီးက ချမှတ်ထား ပါကြောင်း၊
ယနေ့သင်တန်းဆင်းကြသည့် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများသည် နိုင်ငံတော် သမ္မတ၏ သင်တန်းဖွင့်မိန့်ခွန်း၌ပြောကြားခဲ့သကဲ့သို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားကို ဦးဆောင်မောင်းနှင်ကြမည့်သူများ ဖြစ်ကြပြီး သင်တန်းတွင် ထိုက်သင့်သည့် အတွေ့ အကြုံ ဗဟုသုတများ ရရှိပြီး ဖြစ်ပါကြောင်း၊ အရာရှိကြီးများအားလုံး၏ ပြုပြင် ပြောင်းလဲ လိုစိတ်၊ သန္နိဌာန်ခိုင်မာမှု ရှိပြီးဖြစ်သည့်အတွက် နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ်များ တတိယအဆင့် အရှိန်မြှင့်တင်မှု အတွက် မိမိတို့ ၀န်ကြီးဌာန အလိုက် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော ၀န်ကြီးဌာနများ ဖြစ်စေရန် အရှိန်မြှင့်တင် ဆောင်ရွက်ပေးကြရန် အကြံပြုလိုပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များ ကိုယ်စားဗဟိုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တစ်ဦး၊ လွှတ်တော်များ မှ ကိုယ်စားလှယ်တစ်ဦးနှင့် ၀န်ကြီးဌာနများမှ ကိုယ်စားလှယ် တစ်ဦးတို့အား ပေးအပ် ခဲ့သည်။ 
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးက သင်တန်းနှင့် ပတ်သတ်သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုပေါင်း၍အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပြီး နေ့လယ်စာ အတူတကွ စားသုံးခဲ့ကြသည်။
အဆင့်မြင့်အရာရှိကြီးများအထူး မွမ်းမံသင်တန်းကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်ဖြင့် ဇန်န၀ါရီ (၁၉) ရက်မှ စတင်ပြီး လုပ်ငန်းခွင်မပျက် ညနေပိုင်း သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ (၁၉) ရက်တွင် သင်တန်း ဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းတွင် ဗဟိုအဖွဲ့ အစည်းများနှင့် ပြည်ထောင်စု ၀န်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွန်ကြားရေးမှူး (၆၆) ဦး တက် ရောက်ခဲ့ပြီး နည်းပြအဖြစ် ပြည်ထောင်စု ၀န်ကြီး (၁၂) ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ၊ အဂတိ လိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် ဥက္ကဌ၊ ဒုတိယ၀န်ကြီး (၂)ဦး၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြင်ပနည်းပြ (၃)ဦး၊ နိုင်ငံတော် သမ္မတအကြံပေး(၂)ဦး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ OECD နှင့် ကမ္ဘာ့ ဘဏ်တို့မှ ကျွမ်းကျင်ပညာရှင် (၆) ဦးတို့က ဆွေးနွေး ပို့ချခဲ့သည်။


No comments:

Post a Comment