Friday, February 13, 2015

မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထိုက်သော ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အလောင်းအလျာ အောင်ဆန်းလေးကို နတ်မောက်မြို့၌ မွေးဖွားခဲ့သည်။ အခြားသူများကဲ့သို့ပင် သာမန် မွေးဖွားခဲ့သော်လည်း ဤကလေး သည် မြန်မာ့ လွတ်လပ်ရေး သမိုင်း၏ လိုအပ်ချက် အရ ပေါ်ပေါက်လာသော အမျိုးသား ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်မည့်သူ ဖြစ်သည်။

တောက်မည့် မီးခဲတရဲရဲဆိုသည့် အတိုင်း အောင်ဆန်းသည် ငယ်စဉ်ကတည်းက အမှန်တရားကို ကြိုက်သည်။ မတရားတာ မကြိုက်၊ လိမ်ညာတာ မကြိုက်။ တစ်ခုခုလုပ်လျှင် အောင်မြင်သည် အထိ မလျှော့သောဇွဲ သတ္တိ နှင့် ဆောင်ရွက် တတ်သည်။ ကျောင်းသား အရွယ်တွင် စာတော်သည်။ စာကြိုးစားသည်။ သတ္တမတန်းမှာ အစိုးရ ပညာတော်သင်ဆုနှင့် ဦးစိန်ခိုဆု ရခဲ့သည်။ ဆယ်တန်းကို မြန်မာစာဂုဏ်ထူး၊ ပါဠိဘာသာဂုဏ်ထူးတို့နှင့် အောင်မြင် သည်။ ကျောင်းသား အရွယ် လူငယ်တို့အတွက် စံပြုအတုယူစရာ ဖြစ်သည်။ တက္ကသိုလ်သို့ ရောက်သည်နှင့် နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် စတင် ဆောင်ရွက်လေတော့သည်။
ဗိုလ်ချုပ်သည် မျိုးရိုး အစဉ်အလာ အရလည်း နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ် ကြီးမား သူဖြစ်သည်။ ဗိုလ်ချုပ်၏အဘိုး မြို့လုလင်သူကြီး ရွှေလရောင်ခေါ် ဗိုလ်မင်းရောင်သည် နယ်ချဲ့ တို့ကို ရွပ်ရွပ်ချွံချွံ တော်လှန်သောကြောင့် နယ်ချဲ့တို့က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ခဲ့ကြသည်။ နယ်ချဲ့တို့၏ ရည်ရွယ်ချက်မှာ နောက်ထပ် တော်လှန်သူ မပေါ်ပေါက်အောင် အကြောက်တရားဖြင့် ခြောက်လှန့် ခြင်း ဖြစ်၏။ သို့သော် မင်းကြီး ဗိုလ်မင်းရောင်၏ မြေးသည် မကြောက်ရုံ သာမက ထိုသို့ ခြောက်လှန့်သည့် အတွက်ပင် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ထား ပို၍ကြီးမားခဲ့ရသည်။
ထို့ကြောင့် ဗိုလ်ချုပ်က သူ့အကြောင်းသူ ရေးသော အတ္ထုပ္ပတ္တိတွင် ''ဖေဖော်ဝါရီ ၁၃ ရက်ကို နာမည်ကျော် နက္ခတ် ဗေဒင်ဆရာကြီး ကိရို့ဇ် ဟောပြောချက်အရ ဆိုလျှင် တိုင်းပြည် တစ်ပြည်၏ အစိုးရမင်းတို့ကို ဖြုတ်ချနိုင်စွမ်း သူများ မွေးတတ်သောနေ့ဟု ဟောထားလေသည်။ ထိုနေ့မွေး သော ကျွန်တော်မှာ သူပုန်လောင်းလေး ဖြစ်မည်ဟု မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ'' ဟု ရေးထားပါသည်။
ဗိုလ်ချုပ်သည် သူ့ကိုယ်သူ နယ်ချဲ့တို့ကို ဆန့်ကျင် တော်လှန်မည့် သူပုန်လောင်းအဖြစ် ကျေနပ်စွာ ခံယူထားသူဖြစ်သည်။
တက္ကသိုလ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ လုပ်နေစဉ် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရေးသူ အမည်ကို တက္ကသိုလ် အာဏာပိုင်များက ကိုအောင်ဆန်းကို ဖော်ထုတ်ခိုင်းသည်။ ကိုအောင်ဆန်း က ထုတ်ဖော်မပြော၍ ကျောင်းထုတ် ခံရသည်။ ထိုဆောင်းပါးကိစ္စနှင့် ပတ်သက်၍ ကိုအောင်ဆန်း ကျောင်းထုတ်ခံရခြင်းနှင့် သမဂ္ဂဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ် ခံရခြင်းတို့ကြောင့် ၁၉၃၆ ခုနှစ် တက္ကသိုလ် ကျောင်းသား သပိတ်ကြီးသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ လေသည်။
ကိုအောင်ဆန်းသည် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်၍ မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသားများ နယ်ချဲ့ဆန့်ကျင်ရေးစိတ်နိုးကြားအောင် ဆောင်ရွက် နိုင်ခဲ့သည်။ ကိုအောင်ဆန်းသည် လူပုံက မှုံတေတေနှင့် အပြောဆိုးသူ ဖြစ်သော်လည်း တစ်ကိုယ် ကောင်း မဆန်ခြင်း၊ မျိုးချစ်စိတ်ဓာတ် ထက်သန်ခြင်း၊ ပင်ကိုစိတ်ထား ကောင်းမွန်ခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသား အားလုံး၏ ချစ်ခင် လေးစားခြင်းကို ခံရသော ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
နိုင်ငံတာဝန်များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်ပြီး ၁၉၃၈ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးသို့ စတင်ဝင်ရောက် ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် သခင်အောင်ဆန်းသည် တို့ဗမာ အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံတကာ တာဝန်များကို အဆင့်ဆင့် မြင့်တက် တာဝန် ထမ်းလာခဲ့သည်။ စကားပြောပွဲ တစ်ခုတွင် သခင်အောင်ဆန်း ပြောခဲ့ဖူးသော စကား ရှိသည်။ ''သမိုင်းကို သင်တာ လေ့လာတာ သိရုံ အတွက်မဟုတ်၊ သမိုင်းကို ဖန်တီးနိုင်ဖို့ ဖြစ်သည်''ဟူ၏။ သခင်အောင်ဆန်းသည် မြန်မာ့သမိုင်းကို လွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်အောင် ကြိုးပမ်းနေလေပြီ။ သခင်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာကြီးလည်း ဖြစ်၏။
အင်္ဂလိပ်နယ်ချဲ့ကို နိုင်ငံရေးနည်းနှင့် တောင်းဆိုနေရုံမျှဖြင့် လွတ်လပ်ရေး မရနိုင်၊ လက်နက် ကိုင်စွဲပြီး တော်လှန်မှရမည်ဟု သခင် အောင်ဆန်း သုံးသပ်မိလာသည်။ နိုင်ငံခြား အဆက်အသွယ် ရှာသည်။ လွယ်လွယ်တော့ မရ။ စွန့်စွန့်စားစား တိုင်းပြည်မှ ထွက်ခွာရသည်။ တရုတ်လို ရုပ်ဖျက်ထားသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ နော်ဝေပိုင် သင်္ဘောဖြင့် တရုတ်ပြညေ် တာင်ဘက် ကမ်းခြေ အမွိုင်မြို့သို့ ရောက်သည်။
အမွိုင်မြို့မှတစ်ဆင့် ဂျပန်နှင့် အဆက်အသွယ်ရပြီး တိုကျိုမြို့သို့ ရောက်သည်။ ဂျပန်နိုင်ငံတွင် ရဲဘော် သုံးကျိပ်ကို ခေါင်းဆောင်ပြီး စစ်ပညာသင်သည်။
၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (B.I.A)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)နှင့် စစ်ဦးစီးမှူး ဗိုလ်တေဇ (ဗိုလ်ချုပ် အောင်ဆန်း)တို့ ခေါင်းဆောင်ပြီး ဗန်ကောက်မြို့မှ မြန်မာနိုင်ငံသို့ ထွက်ခွာသည်။ ၁၉၄၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော(B.D.A)ဟု ပြောင်းလဲဖွဲ့စည်းသည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော် စစ်သေနာပတိချုပ် အဖြစ် ခန့်အပ်ခံရသည်။ ဗိုလ်ချုပ်သည် တပ်မတော်ကို စတင် သန္ဓေတည်စေသူ၊ စတင်ဖွဲ့စည်း ခေါင်းဆောင်ခဲ့သူ ဖြစ်၍ တပ်မတော်၏ ဖခင်ဟုလည်း ခေါ်ဆိုကြပါသည်။
ဂျပန်စစ်တပ်များနှင့် ပူးပေါင်း၍ ဗမာ့တပ်မတော်သည် အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန် တိုက်ထုတ် ခဲ့သည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာကြရ၏။ သို့သော် မင်းသား ခေါင်းဆောင်း ထားသော ဖက်ဆစ် ဂျပန်သည် လွတ်လပ်ရေး အတုအယောင်သာ ပေးပြီး မတရားနှိပ်စက် ညှဉ်းပန်းမှုများ ပြုလာသည်။ နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲသော ဖက်ဆစ်တို့ကို ဗိုလ်ချုပ် ခေါင်းဆောင်သော ဗမာ့တပ်မတော်က ပြန်လည် တိုက်ထုတ်ကြရပြန်သည်။
အင်္ဂလိပ်နယ်ချဲ့က မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်လာပြန်သည်။ နယ်ချဲ့ကို ဆန့်ကျင်တော်လှန်၍ လွတ်လပ်ရေး ရအောင် တိုက်ပွဲဝင်ရပြန်သည်။
ဗိုလ်ချုပ်သည် အင်္ဂလိပ်ကို ချစ်ခြင်း၊ မုန်းခြင်း မရှိသကဲ့သို့ ဂျပန်ကိုလည်း ချစ်ခြင်း၊ မုန်းခြင်းမရှိပါ။ မြန်မာနိုင်ငံနှင့် မြန်လူမျိုးကိုသာ ချစ်၍ မြန်မာ့လွတ်လပ်ရေး အတွက်ဆိုလျှင် ရန်သူဖြစ်သည့် ဂျပန်ကိုလည်း တိုက်မည်။ အင်္ဂလိပ်ကိုလည်း တိုက်မည်။
ထို့ကြောင့် မျိုးချစ်ခေါင်းဆောင် ပီသသော ဗိုလ်ချုပ် အောင်ဆန်းကို ဂျပန်ကလည်း သဘော ကျသည်။ အင်္ဂလိပ်ကလည်း သဘောကျသည်။
မြန်မာပြည်သို့ ပထမဆုံး ရောက်လာသော ဂျပန် စစ်သေနာပတိချုပ် အီဒါက ''အောင်ဆန်းသည် ငွေလည်းမမက်၊ အာဏာလည်း မမက် တစ်ကိုယ်ကောင်းလည်း မကြံ၊ ဒါကြောင့် ကျုပ်တို့ဂျပန်တွေ လေးစားသည်''ဟု ပြောခဲ့သည်။
စူဇူကီး ခေါ် ဗိုလ်မိုးကြိုးကလည်း ''အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်။ သူသည်သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင် ဖြစ်သည်။ မျိုးချစ်စိတ်ကလည်း ပြင်းထန်သည်။ ထို့ကြောင့် ငါတို့ဂျပန်များက သူ့ကို ရိုသေလေးစားသည်''ဟု ဝန်ခံခဲ့၏။
အင်္ဂလိပ်စစ်ဗိုလ် ဖီးလ်မာရှယ် ဆလင်းကလည်း ''ကျွန်ုပ်တို့သည် အောင်ဆန်းကို လေးစားမိသည်။ သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ သော ခေါင်းဆောင်မဟုတ်၊ မျိုးချစ်ပုဂ္ဂိုလ် အစစ်ဖြစ်သည်။ စိတ်ကူးယဉ် သမား မဟုတ်၊ လက်တွေ့သမားဖြစ်သည်။ သူသည် အလွန် ရိုးသားသည်။ ပေးသော ကတိတည်သည်။ ကျွန်ုပ်သည် အောင်ဆန်းနှင့်အတူ အလုပ်လုပ်၍ ဖြစ်သည်''ဟု ဖော်ပြခဲ့သည်။
စစ်ပြိုင်တိုက်နေကြသော အင်္ဂလိပ်နှင့် ဂျပန် စစ်ဗိုလ်ချုပ်များကပင် ချစ်ခင် လေးစားသော ဗိုလ်ချုပ်ကို မြန်မာတစ်နိုင်ငံလုံးက ချစ်ခင် လေးစားကြသည်မှာ ဘာမျှအံ့ဩစရာမရှိပါ။ ဗိုလ်ချုပ် ခေါင်းဆောင်သည့်နောက်မှာ မြန်မာတစ်နိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လိုက်ပါနေကြပြီ။ ထို့ကြောင့် တိုင်းရင်းသားများ ပါဝင်စုစည်း လက်မှတ် ရေးထိုးသော ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်နိုင်ခဲ့သည်။
ဗိုလ်ချုပ်၏ ရဲရဲတောက် မိန့်ခွန်းများစွာကို တစ်နိုင်ငံလုံး လက်ခုပ် ဩဘာပေးနေကြပြီး တစ်မျိုး သားလုံး ချစ်သော အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်ကို နိုင်ငံတကာကပါ လေးစား လာကြသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဘိလပ်သို့သွား၍ လွတ်လပ်ရေး စကားဆိုပြီး အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်နိုင်ခဲ့ပြီ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရရန် လက်တစ် ကမ်း သာ လိုတော့သည်။ ထိုအချိန်တွင် ပန်းတိုင်ကို လှမ်းမြင်နေရကာမှ လှေလှော်ရင်း တက်ကျိုးသော အဖြစ်ဆိုးနှင့် ကြုံရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်။
တစ်နိုင်ငံလုံး၊ ကြိမ်မီးအုံးသို့ ပူဆွေးငိုကြွေးကြရသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ အသက်ပေး တောင်းဆိုခဲ့ကြသော လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရရှိခဲ့ပါသည်။ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံ ကို အလေးပြုရင်း ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြရသည်။
ဗိုလ်ချုပ်သည် နိုင်ငံတော်အတွက် ကြီးမားစွာ အလုပ်အကျွေး ပြုခဲ့သော်လည်း သူရယူသွားခဲ့ သည်မှာ နည်းပါးလွန်းလှသည်။ ကျွန်တော် တက္ကသိုလ် လူရည်ချွန်ဘဝတွင် ပြတိုက် လုပ်ထား သော ဗိုလ်ချုပ်အိမ်ကို လေ့လာရေး သွားရသည်။ နိုင်ငံခေါင်းဆောင် စစ်သေနာပတိချုပ်၊ ဗိုလ်ချုပ်၏ အိမ်မှာ ပိုင်ဆိုင်မှု အသုံးအဆောင် ပစ္စည်း နည်းပါးလွန်းလှသည်။ မှန်ဗီရိုထဲတွင် ဗိုလ်ချုပ်၏ ဝတ်စုံလေး သုံးစုံကို တွေ့ရသည်။
''ဒီရွှေတောင် ပိုးလုံချည်လေးကို ဗိုလ်ချုပ် သိပ်နှစ်သက်တယ်။ ပွဲလမ်းသွားစရာရှိတိုင်း ဝတ်လေ့ ရှိတယ်'' ဟု ပြတိုက်တာဝန်ရှိသူက ပိုးလုံချည်လေးကို ပြ၍ပြောသည်။
''ဒီပိုးလုံချည်မဝတ်ရင် ဒီ့ပြင်ပိုးလုံချည်ရောရှိသေးလို့လား'' ဟု လူရည်ချွန် တစ်ယောက်က မေးသည်။
''မရှိပါဘူး''
ကျွန်တော်တို့လူရည်ချွန်များ စိတ်မကောင်းခြင်းနှင့်အတူ ဗိုလ်ချုပ်ကို ကြည်ညိုမဆုံး လေးစားမဆုံး ဖြစ်ကြရသည်။
လူငယ်များအားလုံး စံပြုအတုယူရသော ဗိုလ်ချုပ်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားအားလုံး ချစ်ခင် လေးစား ဂုဏ်ယူကြရသော ဗိုလ်ချုပ်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထိုက်သော ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါ၏။ ။
လယ်တွင်းသား စောချစ်

No comments:

Post a Comment