Saturday, February 21, 2015

ဒီမိုကရေစီအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အသိပညာမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးမှု အကူအညီများ ပေးအပ်ရေး ဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
 
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဂျာမနီနိုင်ငံ ဟန်းစ်ဆိုက်ဒယ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပါမောက္ခ အာစူလာ မင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးရန်ဟူသည့် အဖွဲ့၏ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးအသိပညာမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးမှု အကူအညီများ ပေးအပ်ရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ စိန်ခေါ်မှု နှင့် အခွင့်အလမ်းများကို နိုင်ငံသားများ ပိုမိုသိရှိနားလည်စေရေး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက် စေရေး၊ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဒေါက်တာ တင်ရွှေတို့ တက်ရောက်ကြသည်။

No comments:

Post a Comment