Friday, February 27, 2015

အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်က အကြံပြုချက်များပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၂၆
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ်က ၂ဝ-၂-၂ဝ၁၅ ရက်တွင် အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ယင်းအကြံပြုချက်များတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၌ အခန်း(၁၃) ပုဒ်မ ၆၈(ခ)အား ပယ်ဖျက်ထားခြင်းနှင့်ပတ်သက်၍ မူလအမျိုးသားပညာရေးဥပဒေအခန်း(၁၃) ပုဒ်မ ၆၈ (ခ)တွင်ပါရှိသည့် ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေး၊ အသင်းအဖွဲ့များက ပုဒ်မ ၃၄ ပုဒ်မခွဲ(ဈ)တွင် အကျုံးဝင်သော ကျောင်းများကိုဖွင့်လှစ်လိုလျှင် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက် ရမည်ဟူသည့် အချက်ကို ပယ်ဖျက်လိုက်ပါက ဘာသာရေး ကျောင်းများသည် အထိန်းအကွပ် မဲ့သွားနိုင်သဖြင့် ပယ်ဖျက်ခြင်းမပြုဘဲ မူလအတိုင်းထားရှိ သင့်ပါကြောင်း အကြံပြုထားသည်။
ထို့ပြင် ပြင်ဆင်သည့်ဥပဒေကြမ်းအခန်း(၁) ပုဒ်မ-၂ (ဟ) တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီ ကို ပြင်ဆင်ထည့်သွင်း ထားခြင်းနှင့် ပတ်သက်၍ မူလ အမျိုးသားပညာရေးဥပဒေတွင်လည်း အခန်း(၁) ပုဒ်မ ၂(ဟ) ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဟုပါရှိရာ ထိုတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီနှင့် ကျောင်းအကျိုးဆောင် အဖွဲ့တို့သည် သဘောတရားချင်း အတူတူပင်ဖြစ်၍ လည်းကောင်း၊ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အနေဖြင့် ကျောင်းသား/ဆရာ သမဂ္ဂများမရှိသဖြင့် လည်းကောင်း ယခင်အတိုင်း ကျောင်းအကျိုးဆောင် အဖွဲ့ဟုသာ ပြင်ဆင် ဖြည့်စွက်ခြင်းမပြုဘဲ မူလအတိုင်းထားရှိသင့်ကြောင်း။
ဥပဒေကြမ်းအခန်း(၄) အပိုဒ်(င)တွင်ပါရှိသော သင်ကြားရေးတွင် ဘာသာစကားသုံးမျိုးစနစ်ဖြစ်သော မိခင်ဘာသာ စကား၊ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့ကို အသုံးပြုသင်ကြားမည်ဆိုရာ၌ အပိုဒ်ခွဲ (ခခ)တွင် မိခင်ဘာသာစကားကို ဦးစွာရွေးချယ်ပြီးပါက မြန်မာစာနှင့် အင်္ဂလိပ်စာကို ဒုတိယ ဘာသာ စကားအဖြစ် လေ့လာနည်းများ အသုံးပြုပြီး ကျန်ဘာသာရပ်များကို မိခင်ဘာသာစကားအဖြစ် သင်ကြား သင်ယူခွင့် ရှိသည်ဟု ဖော်ပြခြင်းသည် အမျိုးသားရေးအတွက် အထူးသတိပြုရန် ဖြစ်သည့်အပြင် အခုအချိန်ကာလ၌ ဘာသာရေးအယူသီးမှု၊ လွှမ်းမိုးမှုများကိုအားပေး သကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အပိုဒ်ခွဲ(ကက)မှ (ဃဃ)အထိကိုသာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ပါက မိခင်ဘာသာစကားဟုပြဋ္ဌာန်း ပြီးဖြစ်၍ တရုတ်လူမျိုး၊ ဘင်္ဂလီလူမျိုးများအနေဖြင့် ၄င်းတို့၏မိခင်ဘာသာစကားနှင့် ပင်ပညာသင်ကြားရန် သဘော သက်ရောက်သွားမည်ဖြစ်ကာ အလွန်အန္တရာယ်ကြီးမားသော ဘာသာရေး၊ ပညာရေး နောက်ဆက် တွဲ ဆိုးကျိုးများ ဖြစ်ပေါ် လာစေနိုင်သဖြင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အခန်း(၄) အပိုဒ်(င)၌ပါရှိသော အပိုဒ်ခွဲ(ကက)မှ(ဃဃ)အထိကို အသစ်ဖြည့်စွက်ခြင်း မပြုဘဲ ပယ်ဖျက်သင့် ပါကြောင်းဖြင့် ဖော်ပြထားသည်။
ဆက်လက်၍ ဥပဒေကြမ်းအခန်း(၆)ပုဒ်မ ၃၄(ည) အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများဟု အသစ်ဖြည့်စွက်ထားခြင်းသည် ကျောင်းသားမဟုတ်သူတို့က ကျောင်းသားများအား ကိုယ်စားပြုထား သယောင် သံသယမျိုးဖြစ်နိုင်သဖြင့် အသစ်ဖြည့်စွက်ခြင်းမပြုဘဲ ပယ်ဖျက်သင့်ပါကြောင်း၊ အခန်း(၉)ပုဒ်မ ၅၂ တွင်ပါရှိသော ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသည် ဆရာများ၏ အရည်အသွေး မြင့်မားစေရေးနှင့် နိုင်ငံတကာ အတွေ့အကြုံရှိစေရေးတို့အတွက် စီမံဆောင်ရွက်ပေးရမည်ဟူသည့် အဆိုပြုချက်ကို ပယ်ဖျက်ထားခြင်းနှင့် ပတ်သက်၍ ယင်းအဆို ပြုချက်သည် အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အနေဖြင့် အစဉ်တစိုက် ကျင့်သုံးဆောင်ရွက် သွားရမည့်ကိစ္စဖြစ်၍ လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့နှင့်သာသနာရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လည်းကောင်း အစဉ်တစိုက်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ ပယ်ဖျက်ခြင်းမပြုဘဲ မူလအမျိုးသားပညာရေး ဥပဒေအခန်း(၉) ပုဒ်မ ၅၂ အတိုင်းသာ ထားရှိသင့်ပါကြောင်းဖြင့် အကြံပြုထားသည်။
ထို့ပြင် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် အခန်း(၁၁) ပုဒ်မ ၅၇ အား ပယ်ဖျက်ထားခြင်းနှင့်ပတ်သက်၍ မူလအမျိုးသားပညာရေးဥပဒေအခန်း(၁၁)ပုဒ်မ ၅၇(ခ) တွင်ပါရှိသော ထူးခြားသောလုပ်ငန်းသဘာဝအရ အစိုးရအဖွဲ့၏ သီးခြားခွင့်ပြုချက်ဖြင့် သာသနာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ထူထောင်ဖွင့်လှစ်ထားသည့် အဆင့်မြင့် ပညာကျောင်းများ မှအပ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပံ္ပများ အားလုံးသည် အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရမည် ဟူသည့်အချက်သည် ဝန်ကြီးဌာန အသီးသီးအောက်ရှိ တက္ကသိုလ်များ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးကိစ္စတို့ ဆောင်ရွက်ရန် အဆင်ပြေ ချောမွေ့မှုရှိသဖြင့် ပယ်ဖျက်ခြင်း မပြုဘဲမူလအတိုင်း ထားရှိသင့်ပါကြောင်း စသည်ဖြင့် အကြံပြု ထားကြောင်း သိရှိရသည်။

No comments:

Post a Comment